တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

AA မွေးနေ့ပွဲတက်ရောက်ရန်သွားသည်ဟု သင်္ကာမကင်းဖြစ်ရာမှ ခရီးသွားများကို မအီမြို့ ရဲစခန်းရှေ့တွင် စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မအီမြို့ ရဲစခန်းရှေ့တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၉ နာရီကျော်ခန့် ကတည်းကပင် မွန်းတည့် ၁၂ နာရီအထိ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို စ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့စစ်ဆေးခြင်းမှာ ယနေ့ ဧပြီလ ၁၀ ရက် ကျရောက်သော ရက္ခိုင့်တပ်တော် (၁၄)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ ပြည်သူများသွားရောက်သည်ဟု  မသင်္ကာသည့် အတွက်ကြောင့် စစ်ဆေးနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်မွေးနေ့ကိုသွားမယ့်သူတွေကို စစ်ဆေးနေသလို ဖြစ်နေတာပေါ့။ အဲ့လိုသွားမယ့်သူတွေကို အနှောင့်အယှက် ပေးနေသလိုဖြစ်တာပေါ့လေ။ ကုန်းလမ်း၊ ရေလမ်းကသွားတဲ့သူတွေ ရှိကြတယ်။ သူတို့စစ်ဆေးနေတော့ အသွားအလာဆင်ခြင် သတိထားရမှာပေါ့ ဟုပြောသည်။

ယင်းသို့စစ်ဆေးမှုကို ယခင်ကမလုပ်ခဲ့ဘဲ ယနေ့မှ AA မွေးနေ့နှင့်တိုက်တိုက်ဆိုင်ဆိုင် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက မအီဘက်မှာ အရင်နေ့တွေက မစစ်ပါဘူး။ ဒီနေ့မှ စစ်တာပါ။ ဆိုင်ကယ်ကို လိုက်စစ်တယ်။ သူတို့မသင်္ကာတဲ့သူတွေကိုဆို ဖုန်းတွေကိုလည်း စစ်တယ်။ ဆိုင်ကယ် ဘောက်တွေကိုစစ်တယ်။ လူကိုလည်း လိုက်စစ်နေတယ်။ အထုပ်တွေကို လိုက်မွှေတာတွေ ရှိနေတယ် ဟုပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့အထွက် တောင်ကုတ်တက္ကသိုလ်အနီးတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်က ဒေသခံများကို စစ်ဆေးမေးမြန်းမှုမရှိသော်လည်း သူတို့ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြောက်လှန့်မှုများ ပြုလုပ်နေကြသည်ဟု ပြောဆိုကြသည်။

တောင်ကုတ်မြို့ အထွက်နား တက္ကသိုလ်နားမှာ စစ်ကောင်စီတပ်သား ၂၀ လောက်က လူတွေကို စစ်တော့မစစ်ဘူး။ သေနတ်နဲ့ ချိန်သလို၊ ခြောက်လှန့်သလိုမျိုး လုပ်နေတာမျိုးတွေတော့ရှိပါတယ်ဟုပြောသည်။

တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာဘုန်းကြီးကျောင်း၌ စခန်းချနေထိုင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ကလည်း ရွာဝင်ဝအနီးတွင် ဒေသခံများကို ဧပြီလ ၈ ရက်မှ ၉ ရက်အထိ ၂ ရက်ဆက်တိုက် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

 


ယနေ့သည် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော် (AA) ကို တည်ထောင်ခဲ့သည့် မွေးနေ့ဖြစ်သဖြင့် အခမ်းအနားများကို ၄င်းတို့၏ အခြေစိုက်ရာ လွတ်မြောက်နယ်မြေ စ်ဒေသများတွင် ကျင်းပလျက်ရှိကြသည်ဟု သိရသည်

 

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။။ (NN-13)

ဆက်စပ် သတင်းများ