Preview

ရခိုင် ကျိန္တလီကမ်းခြေ လိပ်ထိန်းသိမ်းရေးဇုန်မှ လိပ်လှောင်းသားပေါက်များ ထပ်မံရေထဲဆင်း

ဧပြီ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :7037
ရခိုင် သတင်း

နိရဥ္စရာ၊ဧပြီ  / ၂၀၂၃

ရခိုင်ပြည်နယ်၊ဂွမြို့နယ် ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာအတွင်းရှိပုန်းညက်ပင်လယ် လိပ်ထိန်းသိမ်းရေးဇုန်တွင် ထပ်မံသားပေါက်ခဲ့သည့် လိပ်လှောင်း၄၆ ကောင်မှာ ရေထဲသို့ သဘာ၀အတိုင်း ပြန်ဆင်းသွားခဲ့ကြောင်းသိ၇သည်။

ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာထဲတွင်ကမ်းခြေအရှည် ၂၄ မိုင်( ၁၇၉၂၀၀ ဧက)အားဇုန်သုံးဇုန်ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ရှားပါးလိပ်မျိုးစိတ်များ မျိုးမသုဉ်းသွားစေရေးအတွက် ဆောင်ရွက်နေရာလိပ်လှောင်းသားပေါက်များကို ယခုလို ရေထဲလွှတ်ပေးနေခြင်းဖြစ်ကြောင်း သိ၇သည်။

ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း(KIFCA)၏ အတွင်းရေးမှူးဦးသန့်ဇင်ဦး(ခ)ကိုသားကြီးက  "ကျွန်တော်တို့ဇုန်(၁)လိပ်ထိန်းသိမ်းရေးဇုန်ကပေါ့နော်။ မနေ့က ဧပြီ ၉ ရက်နေ့ညကထပ်ပြီးသားပေါက်တဲ့ လိပ်လှောင်း ၄၆ ကောင်ပေါ့လေ။ အဲဒီညမှာပဲ ရေထဲ သဘာ၀အတိုင်း ပြန်ဆင်းသွားတယ်ပေါ့နော်။အရင်နေ့က ၁၄၅ ကောင်နဲ့ဆိုရင် ၁၉၁ ကောင်ရှိပါပြီ"ဟု နိရဉ္စရာကို ပြောသည်။

ဧပြီလ၈ ရက်မနက်ပိုင်းက ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်နှင့်ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေး ဇုန်နှစ်ခုရှိ လိပ်လှောင်း ၁၄၅ကောင်ကို ရေထဲလွှတ်ပြီးနောက် ယမန်နေ့ ဧပြီလ ၉ရက်ညဥ့်အချိန်တွင်  ထပ်မံသားပေါက်ခဲ့သည့်လိပ်လှောင်း ၄၆ ကောင်မှာ သဘာ၀အတိုင်း ရေထဲဆင်းသွားခြင်းဖြစ်ကြောင်း သူကပြောသည်။

အဆိုပါထပ်မံသားပေါက်ခဲ့သည့် ပုန်းညက်ဇုန်မှ လိပ်ဥကျင်းတွင် ရေထဲပြန်ဆင်းနိုင်ခဲ့သည့်လိပ်လှောင်း ၄၆ ကောင်၊အသေတစ်ကောင်နှင့် သားမပေါက်ဘဲကျန်နေသည့် လိပ်ဥ အလုံး ၇၀ ခန့်ရှိကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။


ဇုန်သုံးဇုန်ပိုင်းခြားပြီးလိပ်ထိန်းသိမ်းရေးဇုန်အဖြစ်ဆောင်ရွက်နေသော နေရာများမှာ  ပုန်းညက် လိပ်ထိန်းသိမ်းရေးဇုန်၊ပလ္လင်မော်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ် ထိန်းသိမ်းရေးဇုန် တို့ဖြစ်ကြောင်းသိ၇သည်။

အဆိုပါလိပ်ထိန်းသိန်းရေးဇုန်များအတွင်းသားပေါက်ရန်ကျန်ရှိနေသည့် လိပ်ဥကျင်း ၆ ကျင်းရှိပြီး သင်္ကြန်ကာလနှင့်သင်္ကြန်လွန်ကာလများတွင် သားပေါက်နိုင်မည်ဟုခန့်မှန်းမိကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

"လိပ်ထိန်းသိမ်းရေးဇုန်တွေထဲမှာကသားပေါက်မယ့် လိပ်ဥကျင်း ၆ ကျင်း ရှိနေသေးပါတယ်။ ဒီဇုန်တွေရဲ့ အပြင်ဘက်မှာရှိတဲ့ကမ်းခြေတွေမှာလည်းလိပ်ဥကျင်းတွေ ရှိနေပါတယ်" ဟု ပြောသည်။

လိပ်လှောင်းများသည်မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ်မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်ပြီးမျိုးသုဥ်းရန် အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ် တစ်ခုဖြစ်ကြောင်းသိ၇သည်။

လိပ်လှောင်းမှာဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင် ရောင်ရှိကြသည်။

ရခိုင်ဒေသရှိပင်လယ်လိပ်များမှာ ငါးဖမ်းပိုက်များဖြစ်သည့် လိပ်ကျောက်ပိုက်၊ သီရိလင်္ကပိုက်စသည့်ကမ်းနီးငါးဖမ်းပိုက်များနှင့် ပင်လယ်တွင်းစွန့်ပစ်ထားသည့်ပလပ်စတစ်များ၏ ခြိမ်းခြောက်မှု အန္တရာယ်များအားအဓိက ကြုံတွေ့နေ၇ကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

ကမ္ဘာပေါ်တွင်ပင်လယ်လိပ်မျိုးစိတ် ရ မျိုးရှိပြီး အရှေ့တောင်အာရှတွင်ပင်လယ်လိပ်မျိုးစိတ် ၆ မျိုးနှင့် မြန်မာနိုင်ငံတွင်ပင်လယ်လိပ်မျိုးစိတ် ၅ မျိုးရှိကြောင်း သိ၇သည်။

မြန်မာနိုင်ငံတွင်ရှိသည့်ပင်လယ်လိပ်မျိုးစိတ်များမှာ Green Turtle (ပြင်သာလိပ်)၊  Hawkbills Turtle (လိပ်ကြက်တူရွေး)၊  Loggerhead Turtle (လိပ်ခွေး)၊ Leatherbacks Turtle (လိပ်စောင်းလျား)နှင့်Olive Ridleys Turtle (လိပ်လှောင်း)တို့ဖြစ်ကြောင်းသိ၇သည်။

ရခိုင်ရှိကမ်းခြေဒေသများတွင်ပင်လယ်လိပ်များသည် ငါးဖမ်းပိုက်များတွင်မတော်တဆဖမ်းမိခြင်း၊ပင်လယ်ထဲက အမှိုက်များနှင့် ငြိတွယ်မိခြင်းစသည့် ခြိမ်းခြောက်အန္တရာယ်များအပြင်ပင်လယ်လိပ်များကိုဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းနှင့်လိပ်ဥများကိုရောင်းကုန်တစ်ခုကဲ့သို့ ဈေးကွက်ရောင်းချနေမှုများကြောင့်သေဆုံးမှုလည်း တိုးလာနေကြောင်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

၇ခိုင်မှအဏ္ဏဝါအမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ထားသည့် နံ့သာကျွန်းတွင်လည်းဂေဟစနစ်ပျက်စီး လာမှုနှင့် မသမာသူတို့၏သဲစုပ်ယူတူးဖော်နေမှုများကြောင့် ပင်လယ်လိပ်များသေဆုံးမှုများပြားလာကြောင်း၇ခိုင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှဦးရန်နောင်စိုးက နိရဥ္စရာသို့ပြော
သည်။(NN-23)


ဓာတ်ပုံ-ဦးသန့်ဇင်ဦး(ခ) ကိုသားကြီး

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.