တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် စစ်ကောင်စီတပ်သားအချင်းချင်းရန်ဖြစ်ရာမှ လက်ပစ်ဗုံးပေါက်ကွဲ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ ဧပြီ ၁၂/၂၀၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန္ဒူတပ်စခန်းတွင် စစ်ကောင်စီတပ်သား အချင်းချင်းရန်ဖြစ်ရာမှ လက်ပစ်ဗုံးပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၁ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် ကျောက်ပန္ဒူတပ်မှ ကင်းရုံတွင်ကင်းစောင့်နေသည့် တပ်သားအချင်းချင်း စကားများရန်ဖြစ်ကာ လက်ပစ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပစ်ဗုံးပေါက်ကွဲ၍ နဒဏ်ရာရရှိခဲ့သူ နှစ်ဦးအနက် ဒဏ်ရာပြင်းထန်သူအား မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင်သေဆုံးခဲ့ကြောင်း တပ်နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ကင်းစောင့်နေရင်း စကားများရန်ဖြစ်ပြီး လက်ပစ်ဗုံး ပေါက်သွားတာ။ ဘယ်လိုပေါက်ကွဲသွားလဲတော့ မသိဘူး။ တစ်ယောက်က ဒဏ်ရာပြင်းတယ်။ တစ်ယောက်ကတော့ ဒဏ်ရာနည်းလို့ စခန်းမှာပဲကုတယ်။ ဒဏ်ရာများတဲ့ တစ်ယောက်ကို ဆေးရုံကားနဲ့ ညနေ ၄ နာရီလောက်မှာ ယူသွားပေမယ့် သူကတော့ ဆေးရုံမှာပဲ ဆုံးသွားတယ်" ဟု ဆိုသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့လည်း မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဒုံးညိုနယ်ခြားစောင်စခန်းတွင် အချင်ချင်း ဖဲကစားနေစဉ် ရန်ဖြစ်၍ လက်ပစ်ဗုံးကို ဖဲဝိုင်းထည့် ပစ်ထည့်လိုက်၍  ဒုတပ်ကြပ် သက်ပိုင်းထွန်းနှင့် ဒုတပ်ကြပ်လင်းလင်းတို့ သေဆုံးပြီး နောက်ထပ် ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်သို့ ဆက်သွယ်မေးမြန်းရန် မဖြစ်နိုင်၍ တပ်ဘက်က သဘောထားကိုတော့ မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။ (NN-7)

ဆက်စပ် သတင်းများ