တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတို့၏ ရိုးရာပန်းမျှောပွဲ ရခိုင်မှ မြို့ နယ် ၃ ခုတွင် တပြိုင်တည်းကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 747

နိရ ဥ္စရာ၊ ဧပြီ ၁၃/၂၀၂၃

ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက် (ခေါ်) သက္ကမ လူမျိုးတို့၏ (၁၂) ကြိမ်မြောက် ရိုးရာပန်းမျှောပွဲတော်ကို ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်တို့တွင် ယမန်နေ့ ဧပြီလ ၁၂ ရက်နှင့် ယနေ့ ဧပြီလ ၁၃ ရက်တို့တွင် တပြိုင်တည်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပန်းမျှောပွဲတော်ကို ပုဏ္ဏားကျွန်းမြို့နယ်မှ ရှင်တော်ရွာ၊ ဘူးသီးတောင်မြို့နယ်မှ  အင်းချောင်းကျေးရွာနှင့် မြောက်ဦးမြို့နယ်မှ  နန်းကျားကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

၎င်းအခမ်းအနားကို ိုင်းနက် (ခေါ်) သက္ကမ စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ဒိုင်းနက်(ခ) သက္ကမလူငယ်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရှေးခေတ် ဒိုင်းနက်(ခေါ်) သက္ကမ လယ်သမားများသည် ဆန်၊ ရေ၊ စပါးပေါများရန်နှင့်  မိုးကောင်းကောင်းရွာသွန်းရန်အတွက် နှစ်သစ်ကူးကာလအစတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာများနှင့် နတ်အပေါင်းကို ပန်းမျှောကာ စုပေါင်းကန်တော့ရကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆရာတော် အသျှင်ဇောတိပါလက နိရဉ္စရာသတင်းဌာနသို့ မိန့်သည်။

"လယ်သမားတွေရဲ့ ပန်းတိုင်က ဆန်၊ ရေစပါး ပေါများဖို့ မိုးကောင်းကောင်းရွာသွန်းဖို့ပေါ့။ အဲဒါကြောင့် မိုးကောင်းကောင်းရွာသွန်းဖို့အတွက် နှစ်သစ်ကူးကာလအစမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတွေကို တိုင်တည်ပြီးတော့ ဆုတောင်းရတဲ့သဘောမျိုးပေါ့။ ပြည်သူတွေစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နေထိုင်နိုင်ကြရအောင်လို့ပေါ့နော်" ဟု မိန့်သည်။

အဆိုပါပန်းမျှောပွဲတော်တွင် ရခိုင်၊ မြို၊ ခမီ စသည့် ရခိုင်မျိုးနွယ်စုဝင် အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားပြီး ယမန်နေ့ညနေပိုင်းတွင် ဒိုင်းနက်(ခေါ်) သက္ကမလူမျိုးများ၏ သမိုင်းဆိုင်ရာ ဟောပြောမှုများနှင့် ရိုးရာအကများဖြင့် ဖျော်ဖြေကာ ယနေ့နံနက်တွင် ပန်းမျှောပွဲတော်ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ အင်းချောင်းကျေးရွာမှ သက္ကမလူငယ်အမျိုးသမီးတစ်ဦးက "မနေ့ကတော့ ညပိုင်းမှ အကတွေ ကကြတယ်။ ဒီနေ့မနက်ပိုင်းမှာပဲ ပန်းမျှောခဲ့ကြတာပါ" ဟုပြောသည်။

ပန်းမျှောရာတွင် ပန်းအမျိုးမျိုးတို့ကို ငှက်ပျောရွက်တွင် အလှဆင်ပြီး ရေကြည်ရာ ချောင်းကမ်းစပ်သို့ လှေကလေးများဖြင့် သွားရောက်ကာ ချောင်းစောင့်နတ်နှင့် မြစ်စောင့်နတ်များကို ရည်စူး၍ ပန်းမျှောကြခြင်းဖြစ်သည်။

ရိုးရာပန်းမျှောပွဲကို ၂၀၁၂ ခုနှစ်မှစတင်ကာ မင်းပြားမြို့နယ်တွင် ပထမအကြိမ် ပြုလုပ်ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် နှစ်စဉ်ကျင်းပလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အဆိုပါပန်းမျှောပွဲကို ဘူးသီးတောင်မြို့နယ်၊ ပြိန်းချောင်းကျေးရွာတွင် ကျင်းပခဲ့သည်။

ရခိုင်တွင် ဒိုင်းနက်(ခေါ်)သက္ကမ လူမျိုးများသည် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တော စသည့် မြို့နယ်များအတွင်း လူဦးရေ ၃ သောင်းမှ ၄ သောင်းကြားအထိ နေထိုင်လျက်ရှိကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ