တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် အကျဉ်းထောင်များမှ ၁၇၃ ဦးလွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသားပါဝင်မှုမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 950

နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၃


စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်းလုံးက အကျဉ်းသူ အကျဉ်းသား ၃၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုရာတွင်  ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးအသီးမှ အကျဉ်းသူ၊ အကျဉ်းသား ၁၇၃ ဦး လွတ်မြောက်လာကြောင်း သိရှိရသည်။


လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ ၁၇ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၁၂၄ ဦး (အကျဉ်းသား ၇၆ ဦးနှင့် အကျဉ်းသူ ၄၈ ဦး)၊  ကျောက်ဖြူအကျဉ်းထောင်မှ ၁၉ ဦး( အကျဉ်းသား ၁၅ ဦးနှင့် အကျဉ်းသူ ၄ ဦး) ၊ ံတွဲအကျဉ်းထောင်မှ ၁၃ ဦးတို့ဖြစ်ကြသည်။


ယခုလွတ်မြောက်လာသူများအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိသည့်အပြင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများလည်း ပါဝင်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။


နိုင်ငံခြားသား အကျဉ်းသားများအပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၃၀၀၀ ကျော်ကို စစ်ကောင်စီက အမိန့်အမှတ် ၂၈/ ၂၀၂၃ ဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။


ယခု လွတ်မြောက်လာသူများမှာ နောက်ထပ်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျရန်ကျန်ရှိ သည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် သဘောတူညီချက်ဖြင့် လွတ်မြောက်လာ ခြင်းဖြစ် သည်။


ယခုလွတ်ပေးသည့် အထဲတွင် နိုင်ငံခြားသာ ၉၈ ဦးပါဝင်ပြီး ယင်းအထဲတွင် အင်းစိန်အကျဉ်းထောင်မှ သီရိလင်္ကာ နိုင်ငံသား ၅ ဦးကိုလည်း လွတ်ပေးလိုက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား သည်။


ယခုလွတ်မြောက်လာသူ ၃၀၁၅ ဦးအထဲတွင် ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ကျနေသူများပြားပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိကြောင်းလည်း နိုင်ငံရေး အကျဉ်းသား ဟောင်းများက ပြောဆိုကြသည်။


(ပုံစာ- ပုံဟောင်း)

ဆက်စပ် သတင်းများ