တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟအမှု အပြီးသတ်အမိန့်ချရန်သာကျန်တော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ ဧပြီ ၁၉/ ၂၀၂၃


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက်ဟောင်း ကိုဖိုးသီဟအမှုကို စစ်ဆေးမှု ပြီးစီးသွားပြီဖြစ်ကာ အပြီးသတ်အမိန့်ချရန်သာ ကျန်တော့သည်ဟု ဇနီးဖြစ်သူက နိရဥ္စရာသတင်းဌာနကို ပြောသည်။


"အခုလက်ရှိအခြေအနေကတော့ ရုံးချိန်း၊ ရုံးထုတ်တွေအကုန်လုံးပြီးသွားပါပြီ။ ဘယ်နှစ်ကြိမ်ရုံးထုတ်ခဲ့ရမှန်းတောင် ကျွန်မမမှတ်မိတော့ပါဘူး။ သင်္ကြန်မတိုင်ခင်ကနေ ရုံးထုတ်တာတွေ အကုန်ပြီးပြတ်သွားပါတယ်။ အမိန့်ချမဲ့ရက်သာ ကျန်ပါတော့တယ်" ဟု ပြောသည်။


သို့သော်လည်း သတင်းထောက်ဟောင်း ကိုဖိုးသီဟကို မည်သည့်နေ့၊ မည်သည့်အချိန်တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ကို တရားရုံးက မိသားစုဆီသို့ ပြောဆိုအသိပေးထားခြင်း မရှိသေးသလို မိသားစုများအနေဖြင့်လည်း အပြီးသတ်အမိန့်ချမှတ်မည့်နေ့ကို စုံစမ်း၍ မသိရဖြစ်နေသည်ဟု ဇနီးဖြစ်သူက ဆက်ပြောသည်။

"ဘယ်နေ့ အမိန့်ချမယ်ဆိုတာကိုတော့ ကျွန်မတို့မသိရသေးဘူး။ တရားရုံးကလည်း အသိပေးထားတာတော့ မရှိသေးပါဘူး။ ရုံးချိန်း၊ ရုံးထုတ်တွေပြီးသွားလို့ အမိန့်ချမှတ်တော့မယ်လို့သာ သိရသေးတာပါ။ ရက်အတိအကျတော့ မသိရသေးဘူး" ဟု ပြောသည်။


ယခုအမှုနှင့်ပတ်သက်ပြီး ကိုဖိုးသီဟတွင် ရှေ့နေငှားရမ်းထားခြင်းမရှိဟု သိရသည်။

 

 အသက် ၄၀ အရွယ် သတင်းထောက်ဟောင်း ကိုဖိုးသီဟ(ခေါ်) ကိုမြတ်သူထွန်းသည် မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်၊ နေ့လယ် နာရီခန့်၌ စစ်ကောင်စီတပ်သားများက နေအိမ်သို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ယင်းနောက် သူ့ကို မြောက်ဦးရှိ ၃၇၇ တပ်ထဲတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရက်က မြောက်ဦးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကာ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ကိုဖိုးသီဟသည် ယခင်က DVB အပါအဝင်  ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် သတင်းမီဒီယာလောကမှ ထွက်ကာ ကလေးကစားစရာအရုပ်ဆိုင်ရောင်းချနေသူဖြစ်သည်။

သို့သော် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများကို အလျဉ်းသင့်သလို မျှဝေလေ့ရှိပြီး ယင်းအပေါ် စစ်တပ်က မကျေနပ်ဖြစ်ကာ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သူနှင့်နီးစပ်သူများက ပြောသည်။ (NN - 12)

ဆက်စပ် သတင်းများ