တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့မှ လူထုဇော်ဝင်းအပါအဝင် (၃)ဦး၏အမှု အပြီးသတ်အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.8k

(ယခုတစ်ကြိမ်နှင့်ဆိုလျှင် ရွှေ့ဆိုင်းသည်မှာ ၁၀ကြိမ်ထက်မနည်းရှိနေပြီဟုဆို)

 

နိရဥ္စရာ၊ ဧပြီ ၁၉/ ၂၀၂၃

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အပါအဝင် (၃) ဦးကို ယနေ့ရုံးချိန်းတွင် အပြီးသတ် အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း အမိန့်ချမည့်ရက်ကို ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

 

အမှုအား အပြီးသတ်အမိန့်ချရန် ယခုကဲ့သို့ ရုံးချိန်းရွေ့ဆိုင်းခံနေရသည်မှ ယခုတစ်ကြိမ်နှင့်ဆိုလျှင်  အကြိမ် (၁၀)ကျော်ခန့် ရှိနေပြီဟု တရားစွဲခံထားရသည့် ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက ဆိုသည်။

 

သူတို့လုပ်တဲ့အတိုင်း ခံနေကြရတာပါပဲ။ သူတို့ အခုလို အမှုရွေ့ဆိုင်းနေတာက ဆယ်လအတွင်း အကြိမ် တစ်ဆယ်ကျော်၊ နှစ်ဆယ်လောက်တောင် ရှိနေပြီ။ အခုရုံးချိန်းကတော့ တရားသူကြီးမရှိတော့ တချို့အကြောင်းအရာတွေကိုလည်း မသိရသေးပါဘူး။ တရားသူကြီး ရှိတဲ့အချိန်မှာတော့ တစ်ခုခုတော့ သိရမှာပါဟု ဆိုသည်။

 

ကျောက်တော်မြို့နယ်တရားရုံးတွင် ယနေ့ ဧပြီလ (၁၉)ရက်၊ နံနက်ပိုင်း (၁၀)နာရီကျော်ခန့်၌ အပြီးသတ်အမိန့်ချရန် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီး ခရီးလွန်နေသည့်အတွက်ဟုဆိုကာ လာမည့် မေလ (၂)ရက်အား ထပ်မံ ရုံးချိန်းလိုက်သည်ဟု တရားစွဲဆိုခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

တရားသူကြီးက ရန်ကုန်ရောက်တယ်လို့ ပြောပါတယ်။ နောက်ထပ် တရားသူကြီးကို ပါဝါပေးပြီးတော့ ရုံးထပ်ချိန်းခိုင်းပါတယ်။ ဒါကြောင့် ၅ လပိုင်း ၂ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်ဟု ပြောသည်။

 

တရားစွဲဆိုခံရထားသူ (၃)ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈)နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ ဦးကျောင်သန်းမောင် (၅၁)နှစ်တို့ဖြစ်ကြသည်။

 

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် (၃)ဦးကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇွန်လ (၂၀)ရက်၌ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး နောက်တစ်ရက် ဇွန်လ (၂၁)ရက်တွင် ၎င်းတို့ (၃)ဦးအား စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ဖမ်းဆီးပြီးနောက် သူတို့ (၃)ဦးကို စစ်ကောင်စီတပ်က နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် တရားစွဲဆိုခဲ့သည်။

 

ထိုပုဒ်မမှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

 

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် တကျော့ ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ရခိုင်မြို့နယ် အသီးသီးမှ အပြစ်မဲ့ အရပ်သားပြည်သူ (၅၉၄) ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖေဖော်ဝါရီလ (၂၇)ရက်က အွန်လိုင်းကတဆင့် ပြုလုပ်သည့် (၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

 

ထိုအထဲမှ ၃၉၁ ဦးကိုသာ စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-18)

ဆက်စပ် သတင်းများ