စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံစာသင်ကျောင်း ၅၁ ကျောင်းတွင် သက်မွေးဝမ်းကျောင်းဘာသာရပ်များဖြစ်သော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို စမ်းသပ် သင်ကြားသွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

(အဆိုပါ ၅၁ ကျောင်းတွင် ရခိုင်မှ ၃ ကျောင်းပါဝင်)

နိရ ဉ္စရာ၊ ဧပြီ ၂၀/၂၀၂၃

ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စကစ ပညာရေးဝန်ကြီးဌာနမှ ရခိုင်က အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်း ၅၁ ကျောင်း၌ သက်မွေးဝမ်းကျောင်း ဘာသာရပ်များဖြစ်သော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို စမ်းသပ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် သင်ကြားပေးမည့်ကျောင်းများမှာ စစ်တွေခရိုင်မှ အထက (၁) စစ်တွေ၊ အမ်းခရိုင်မှ အထက (၁)အမ်းနှင့် သံတွဲခရိုင်မှ အထက (၂) သံတွဲတို့ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို Grade (10)မှ Grade (12) ပညာသင်နှစ်အထိ အခြားဘာသာရပ်များနှင့်အတူ တွဲဘက်သင်ကြား သွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရ ဉ္စရာသို့ပြောသည်။

"ကျောင်းသင်ဘာသာတွေနဲ့ တွဲပြီးသင်သွားမှာပါ။ ပထမနှစ်အစမ်းမို့လို့ ရခိုင်က ကျောင်းသုံးကျောင်းမှာပဲ ဒီပညာရပ်တွေကို လောလောဆယ် အစမ်းသင်သွားမှာပါ။ နောက်ထပ်ကျောင်းသားမိဘတွေရဲ့ လိုအပ်ချက်အရ နောက်နှစ်တွေမှာ တိုးဖွင့်၊ မဖွင့်ကိုတော့ လောလောဆယ်မသိရသေးဘူး။ စိတ်ဝင်စားလို့သင်ချင်ရင်တော့ ကျောင်းပြောင်းပြီးတော့ သင်လို့ရတယ်" ဟုပြောသည်။

အဆိုပါ ဘာသာရပ်များတွင် ဘာသာရပ်အမျိုးအစားအလိုက် သာမန်အဆင့်နှင့် ထူးချွန်အဆင့်များရရှိသူများအနေဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ်များကို တက်ခွင့်ရှိမည်ဖြစ်ပြီး ဆက်မတက်ဖြစ်လျှင်လည်း သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်စွမ်းရှိစေရန်အတွက် ယခုစနစ်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဘာသာရပ် ၃ ခုကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တက္ကသိုလ်များမှ နည်းပြဆရာများက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်မွေးဝမ်းကျောင်းဘာသာရပ်များကို သင်ကြားသွားမည့်အချိန်ဇယားအား မသိရသေးသော်လည်း ကျောင်းဆောင်များနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ကြိုတင်ဖြည့်ထားပြီဖြစ်ကြောင်း သိရသည်။

ကျောင်းသားမိဘတစ်ဦးက "ဒီလိုမျိုးအသက်မွေးပညာရပ်တွေပါ တွဲသင်ရမယ်ဆိုတာတော့ ကောင်းပါတယ်။ လက်တွေ့မှာ သေချာအသုံးချနိုင်အောင် သင်ပေးနိုင်မယ်ဆိုရင် ကလေးတွေ သင်ထားရတာတွေလည်း အကျိုးရှိသွားမယ်။ ဒီတစ်နှစ်အဆင်ပြေရင် နောက်နှစ်တွေမှာ ကျောင််းတွေတိုးပြီး ဒီလိုဖွင့်သွားနိုင်ရင်ပိုကောင်းတယ်" ဟုပြောသည်။

ထိုသို့အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဲ့သို့ သက်မွေးဝမ်းကျောင်းပညာရပ်များကို မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းပေါင်း ၅၁ ကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အစမ်းသင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ