စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကမ္ဘာ့​ဘောလုံးအဖွဲ့ချုပ် (FIFA)၏ လမ်းညွှန်မှုဖြင့် စစ်တွေအပါအဝင် မြို့ ၁၃ မြို့တွင် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း ဘောလုံးကျွမ်းကျင်လူငယ်များအား ရွေးချယ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဧပြီ ၂၁/၂၀၂၃

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ရခိုင်ပြည်နယ်၊ စစ်တွေအပါအဝင် မြန်မာနိုင်ငံရှိ မြို့ ၁၃ မြို့တွင် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း ဘောလုံးကျွမ်းကျင်လူငယ်များအား ယခုလအတွင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတဝန်းမှ မျိုးဆက်သစ်ထူးချွန်လူငယ် ဘောလုံးကစားသမားများအား ရွေးချယ်မည့် FIFA-MFF TDS Scouting tour အစီအစဉ်ကို မြန်မာနိုင်ငံရှိ မြို့ကြီး ၁၃ မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ လျှောက်ထားသူများကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ လာမည့်ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်တွင် ရွေးချယ်ခံယူရန် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း ဘောလုံးဝါသနာရှင်မျိုးဆက်သစ်လူငယ်များလာရောက် လျှောက်ထားနိုင်ပြီး အရပ်အမောင်းသတ်မှတ်ထားခြင်းမရှိဘဲ ဘောလုံးအခြေခံကျွမ်းကျင်မှုများကိုသာ ကြည့်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကောင်းခန့်ထူးက ပြောသည်။

"အဲဒီအစီအစဉ်မှာရွေးချယ်ခံရတဲ့ ကလေးတွေကို တစ်ခါတည်း ဘောလုံးအကယ်ဒမီမှာ ထားပြီးတော့ စာသင်ပေးမယ်။ ထမင်းကျွေးမယ်။ အားလုံးကိုတာဝန်ယူပေးမယ်ပေါ့နော် အသက်နဲ့အရည်အချင်းရှိတာကိုပဲ ကြည့်ပါမယ်။ ဘောလုံးအဖွဲ့ချုပ်ကနေ ကျွမ်းကျင်တဲ့ပညာရှင်တွေကလာပြီး ရွေးချယ်သွားပါမယ်။ FIFA ကနေ အကုန်အကျခံပြီးတော့ အားလုံးသင်ပေးသွားပါမယ်။ အဲဒီကထူးချွန်တဲ့ကလေးတွေကတော့ မြန်မာ့လက်ရွေးစင် သက်တမ်းအလိုက်ပါမယ်။ ကြိုးစားရင်ကြိုးစားသလောက်တော့ ဆက်ဖြစ်သွားပါမယ်" ဟုပြောသည်။

လာမည့် ဧပြီလ ၂၆ ရက်၊ စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ရွေးချယ်မည့်အစီအစဉ်တွင် ရွေးချယ်ခံရသည့် ဘောလုံးကျွမ်းကျင်လူငယ်များသည် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) (သို့မဟုတ်) မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) တို့တွင်လည်း နောက်ဆုံးအဆင့်အနေဖြင့် ဆက်လက်ရွေးချယ်စိစစ်သွားမည်ဖြစ်ပြီး ယင်းကရွေးချယ်ခံရသည့် ဘောလုံးကျွမ်းကျင်လူငယ်များသည် ရန်ကုန်ဘောလုံးအကယ်ဒမီနှင့် မန္တလေးဘောလုံးအကယ်ဒမီတို့တွင် တက်ရောက်သင်ယူခွင့်ရမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကောင်းခန့်ထူးက ဆက်လက် ပြောသည်။

"ရခိုင်တစ်ပြည်နယ်လုံးက ဘောလုံးဝါသနာပါတဲ့ကလေးတွေကတော့ လာလျှောက်ကြတာတွေ ရှိပါမယ်။ ဖြစ်ချင်တဲ့ကလေးတွေကတော့ လာလျှောက်ကြမှာပါပဲ။ ဒါကအခွင့်အရေး ကောင်းတစ်ခုပဲလေ။ ဒီလိုမျိုးလုပ်တာက တစ်နှစ်မှာတစ်ကြိမ်တောင်မရှိဘူး။ ဘောလုံးအားကစားနဲ့ဆက်ပြီးတော့ လက်ရွေးစင်ဖြစ်ချင်တဲ့ ကလေးတွေကတော့ လာပြီး​တော့ လျှောက်ကြမယ်ထင်ပါတယ်" ဟု ဆက်ပြောသည်။

အဆိုပါအစီအစဉ်တွင် ရခိုင်မှ ရွေးချယ်ခံယူရန်အတွက် ဝင်ခွင့်လျှောက်လွှာကို လာမည့် ဧပြီလ ၂၄ ရက်ကိုနောက်ဆုံးထားပြီး စစ်တွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လာရောက်လျှောက်ထားစုံစမ်းနိုင်ကြောင်းလည်း သိရသည်။

စစ်တွေမြို့မှ ဘောလုံးဝါသနာရှင်လူငယ်တစ်ဦးက "အခုလိုမျိုးအစီအစဉ်က ဘောလုံးဝါသနာပါတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ကျနော်တို့တုန်းကဆိုရင် အားကာသိပ္ပံတို့ဘာတို့တက်မယ်ဆိုရင် သတ်မှတ်ချက်တွေ အရမ်းများခဲ့တယ်။ စံချိန်မမီရင် မတက်ခဲ့ရတာရှိတယ်။ အခုဒီလိုမျိုးကျတော့ ဘောလုံးကျွမ်းကျင်မှုနဲ့ပဲသက်ဆိုင်သွားတယ်လေ။ ဝါသနာပါတဲ့ ညီငယ်တွေကိုလည်း လျှောက်ဖြစ်စေချင်တယ်" ဟုပြောသည်။

အဆိုပါ မျိုးဆက်သစ်ဘောလုံးကျွမ်းကျင်လူငယ်များ ရွေးချယ်မည့်အစီအစဉ်တွင် ရွေးချယ်ရေးနည်းစနစ်၊ စံနှုန်း ၈ ခုသတ်မှတ်ထားပြီး ယင်းတို့သည် ဘောလုံးကစားရာတွင် အခြေခံကစားနည်းများဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ ရွေးချယ်ထားသည့် မျိုးဆက်သစ် ဘောလုံးကျွမ်းကျင်လူငယ်စာရင်းကို လာမည့်မေလ ၂၄ ရက်တွင် တစ်ကြိမ်ထုတ်ပြန်သွားမည်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းတွင်လည်း ဒုတိယအကြိမ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွေးချယ်ပွဲ ပြုလုပ်မည့် မြို့ (၁၃) မြို့မှာ စစ်တွေ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မြစ်ကြီးနား၊ ဘားအံ၊ ပြည်၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ ထားဝယ်နှင့် နေပြည်တော်တို့ ဖြစ်ကြသည်။  (NN-8)

photo- Myanmar Football Federation

ဆက်စပ် သတင်းများ