တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်တောင်ဘုရားပွဲ ပရိသတ်ထောင်ချီ ပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 309

နိရဥ္စရာ၊ ဧပြီ ၂၈/၂၀၂၃

အဆိုပါပွဲတော်ကို ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်မှစတင်ကာ ဧပြီလ ၃ဝ ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပနေခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောသည်။

"ပွဲက ပထမနေ့ကတည်းက အရမ်းစည်တာပဲ။ ပထမနေ့က ဗုဒ္ဓပူဇနိယဘုရားအနေကဇာတင်တယ်။ ပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ဘုရားပွဲတော်အစဉ်အလာအတိုင်း ရခိုင်းရိုးရာ လှေပြိုင်ပွဲတွေ၊ ကျင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပနေပါတယ်"ဟု ပြောသည်။

ရခိုင်ရိုးရာလှေပြိုင်ပွဲနှင့် ကျင်ပွဲကို ဧပြီလ ၂၇ ရက်မှ ဧပြီလ ၃၀ ရက်အထိထည့်သွင်းကျင်းပနေခြင်း ဖြစ်သည်။

 

လှေပြိုင်ပွဲကို ကျောက်တော်တောင်အောက်ရှိ ကစ္ဆပနဒီမြစ်အတွင်း ကျင်းပနေခြင်းပြီး ကျင်ပွဲကိုလည်း ကျင်းပနေကျ ကျင်ကွင်းပြင်တွင် ထည့်သွင်းကျင်းပနေသည်ဟု သိရသည်။

ပွဲတော်ကာလအတွင်း ကျောက်တော်တောင်အောက်ရှိ ကစ္ဆပနဒီမြစ်ပြင်ကျယ်တွင်လည်း မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့တို့အပါအဝင် ရခိုင်ရှိ မြို့နယ်အများအပြားမှ ပရိသတ်ထောင်နှင့် ချီကာ စက်လှေများဖြင့် ပျော်ရွှင်စွာ လာရောက် ရေပက်ကစားလျက်ရှိကြသည်ဟု မြို့ခံများက ပြောသည်။

ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ ရေပက်ကစားလာသည့် မိန်းကလေးတစ်ဦးက "မြို့နယ်ပေါင်းစုံက လူပေါင်း ထောင်နဲ့ ချီရောက်လာပြီး ရေပက်ကစားနေကြတယ်။ ပျော်စရာတော့ အရမ်းကောင်းပါတယ်" ဟု ပြောသည်။

ကျောက်တော်တောင်ရေပေါ်သင်္ကြန်ပွဲတော်တွင် လောင်းလှေအစီးရေ ၃၀၀ မှ ၅၀၀ အထိ အသုံးပြု၍ ရေပက်ကစားလျက်ရှိပြီး စက်သုံးဆီစျေးနှုန်းမြင့်တက်နေသည့်အတွက် စက်လှေငှားရမ်းခများလည်း စျေးမြင့်တက်လျက်ရှိသည်ဟု သိရသည်။

တစ်နေ့တာအတွက် စက်လှေအငယ်တစ်စီးလျှင် အနိမ့်ဆုံး ကျပ် ၃ သိန်းမှ ၅ သိန်းအထိရှိပြီး ကျောက်သဲတင်သည့်စက်လှေကြီးမျိုးဆိုလျှင် အမြင့်ဆုံး ကျပ် ၁၅ သိန်းအထိပေးကာ ငှားရမ်းနေရသည်ဟုလည်း မြို့ခံများက ပြောသည်။

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ မြို့ခံတစ်ဦးက "အခုက ဆီဈေးတွေလည်းမြင့်နေတော့ တစ်ရက်လုံးရေထဲမှာ စက်နှိုးပြီးသွားလာနေရလို့ စက်လှေငှားရမ်းခ ဈေးကြီးတာပါ။ ဒါပေမဲ့ စက်လှေတစ်စီးမှာ လူ ၁၀ ကျော် ၂၀ အထိဆံ့တော့ သူငယ်ချင်းတွေပေါင်းပြီး ငှားရင် သက်သာတဲ့ဈေးပါ" ဟု ပြောသည်။

ကျောက်တော်တောင်ရေပေါ်သင်္ကြန်ပွဲတော်ကို ရခိုင်တွင် ဒုတိယသင်္ကြန်ဟု တင်စားခေါ်ဝေါ်ကြပြီး ရခိုင်တွင် နာမည်အကြီးပွဲတော်တစ်ခုဖြစ်သည်။

အဆိုပါပွဲတော်ကို ရခိုင်တွင် ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအခြေအနေတည်ငြိမ်နေမှုများရှိခဲ့၍ စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပနိုင်ခဲ့သည်။ (NN-12)

ဆက်စပ် သတင်းများ