စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပေါက်တောတွင် မီးလောင်မှုဖြစ်၍ တက္ကသိုလ်ကျောင်းသူနှင့်မိခင်ဖြစ်သူတို့သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ ဧပြီ ၂၉ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ညောင်ပင်ချိုင်ကျေးရွာတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားပြီး တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် သူမ၏မိခင်တို့ သေဆုံးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသွားသူများမှာ ညောင်ပင်ချိုင်ကျေးရွာနေ ဒေါ်သန်းနွဲ့(၅၃) နှစ်နှင့် သမီးဖြစ်သူ မနန္ဒာလင်း (၂၂) နှစ်ဖြစ်သည်။

မနန္ဒာလင်းသည် စစ်တွေတက္ကသိုလ်တွင် သမိုင်းမေဂျာဖြင့် Day ပထမနှစ်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးလည်း ဖြစ်သည်။

သေဆုံးသွားသူတို့နေအိမ်တွင် ကုန်စုံဆိုင်ရောင်းပြီး ယမန်နေ့ ဧပြီ ၂၈ ရက်၊ ညနေ ၇ နာရီခန့်က သမီးဖြစ်သူ မီးဖိုတွင် မီးဖိုနေစဉ် အနီး၌ မိခင်ဖြစ်သူက ဂါလံဘူးမှတဆင့် ၁ လီတာရေသန့်ဘူးထဲ ဓာတ်ဆီများဖြည့်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ညောင်ပင်ချိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

လေကလည်း နည်းနည်းတိုက်နေတော့ မီးဖိုကနေတဆင့် ဓာတ်ဆီးဘူးကို ကူးစက်သွားတယ်။ အဲဒီကနေ လောင်သွားတာဟုပြောသည်။

မီးစတင်လောင်ကျွမ်းချိန်တွင် သားမိနှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း မိခင်ဖြစ်သူ ကုန်စုံဆိုင်ထဲရှိ ဆိုင်ဝန်ပစ္စည်းများအား ဆွဲထုတ်ယူနေစဉ် မီးထဲပိတ်မိနေခဲ့သည်ဟု ဆိုသည်။

မီးထဲပိတ်မိနေသည့်မိခင်ဖြစ်သူအား သမီးဖြစ်သူက ဝင်ကယ်ရာမှ နှစ်ဦးစလုံး မီးထဲပါပြီး သေဆုံးသွားကြခြင်းဖြစ်သည်ဟု ညောင်ပင်ချိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ဆက်ပြောသည်။

အမေဖြစ်သူထွက်လို့မရောက်တဲ့အခါ သမီးက ဝင်ကယ်တယ်။ ဆိုတော့ ဓာတ်ဆီဘူးတွေ၊ ဒီဇယ်ဘူးတွေ အကုန်လုံး လောင်ကျွမ်းသွားတော့ အမေရော၊ သမီးရော မီးထဲက ထွက်လို့မရောက်တော့ဘဲ သေဆုံးသွားခဲ့တယ်ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ရပ်သူရွာသားများ ဝိုင်ဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ည ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အနီးအနားရှိအိမ်များသို့လည်း ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)သို့ သတင်းပို့ထားပြီး သေဆုံးသွားသည့် သားမိနှစ်ဦးအား ယနေ့တွင် ရွာသုဿန်၌ သင်္ဂြိုလ်သွားမည်ဟု ကျေးရွာသားများက ပြောသည်။

မီးလောင်သွားသည့် (အိမ်/ ဆိုင်)အမျိုးအစားမှာ မြေထိုင် သွပ်မိုး၊ ဝါးထရံကာထားသည့် အိမ်အမျိုးအစားဖြစ်ပြီး ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုးအား လောလောဆယ်တွင် မသိရှိရသေးပေ။

ရခိုင်တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ၃ လအတွင်း မီးလောင်မှုစုစုပေါင်း (၃၄) ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေ အိမ် (၄၀)ကျော်နှင့် ဆိုင်ခန်းတချို့ မီးလောင်ဆုံးရှုံးခဲ့ကာ ရဟန်းတစ်ပါးအပါအဝင် (၄) ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။

 

ယခုသားမိ ၂ ဦးနှင့်ဆိုလျှင် ရခိုင်တွင် မီးလောင်မှုကြောင့် ၄ လအတွင်း ရဟန်းတစ်ပါးအပါအဝင် (၆) ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ (NN - 21)


ဓာတ်ပုံ - သားမိနှစ်ဦး သေဆုံးခဲ့ရသည့် ညောင်ပင်ချိုင်ကျေးရွာမှ မီးလောင်မှုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ