တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ကုန်စျေးနှုန်းမြင့်ပြီး အလုပ်ရှား၍ လက်လုပ်လက်စားများ စားဝတ်နေရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 635

နိရဥ္စရာ၊ ဧပြီ ၃၀ / ၂၀၂၃
 

ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းမြင့်တက်လာသည့်အပြင် အလုပ်အကိုင်ရှားပါးသည့် ဒဏ်ကိုပါ ခံနေရသည့်အတွက် လက်လုပ်လက်စားများအနေဖြင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။

 

ဆန်စျေးအပြင် တခြားကုန်စည်များမှာလည်း နေ့စဉ်နှင့်အမျှ စျေးနှုန်းမြင့်တက်နေသည့်အတွက် သူတို့တွင် တစ်နေ့စာလုပ်အားခဖြင့် တစ်နေ့စာ စားစရိတ်ကို ဖြေရှင်းနိုင်ရန် အခက်အခဲများနှင့် ကြုံနေကြရခြင်းဖြစ်သည်ဟု ဆိုကြသည်။

 

စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာမှ လက်လုပ်လက်စားတစ်ဦးဖြစ်သည့် ဒေါ်စန္ဒာက ဆန်စျေးက မြင့်တက်လာတော့ ကျမတို့ လုပ်ကိုင်စားသောက်ရတဲ့အခါမှာလည်း အခက်အခဲတွေက များလာတယ်။ အလုပ်က တစ်နေ့ဝင်ငွေနဲ့ တစ်နေ့ မဖြေရှင်းနိုင်ဘူး။ ကုန်စျေးနှုန်းက အရမ်းကြီးလာတယ်လေဟု ပြောသည်။

 

စစ်တွေဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဦးမောင်မောင်ကလည်း အလုပ်အကိုင် ရှားပါးသည့်အတွက် စားဝတ်နေရေးဖြေရှင်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြောင်း ပြောသည်။

 

အလုပ်ကလည်း အဆင်မပြေပါဘူး။ တစ်ဘက်မှာ နေက အရမ်းပူတော့ အလုပ်လုပ်တဲ့အချိန်ကလည်း နည်းလာတယ်။ တစ်ရက်လုံးလုပ်ဖို့ကလည်း နေအရမ်းပူတယ်လေ။ အရင်က တစ်ရက်လုပ်လို့ တစ်သောင်းရရင် အခုက ငါးထောင်လောက်ပဲဝင်ငွေရပါတယ်။ ဆိုတော့ ကျနော်တို့ လက်လုပ် လက်စားတွေက အခက်အခဲကြုံရတယ်။ သူများဆီက ချေးငှားပြီးတော့မှ စားဝတ်နေရေး ဖြေရှင်းရတဲ့ ရက်တွေလည်း ရှိပါတယ်ဟု ဆိုသည်။

 

ယင်းအတွက် ဆန်ဝယ်စားသည့်အခါတွင်လည်း ယခင်က အိတ်လိုက်ဝယ်စားနိုင်ခဲ့ရာမှ လက်ရှိတွင် ဆန် တစ်ပြည်နှစ်ပြည် စသည်ဖြင့်သာ ဝယ်ယူစားသောက်နေရသည်ဟု စစ်တွေဒေသခံ လက်လုပ်လက်စားတစ်ဦးက ဆိုသည်။

 

အရင်ကတော့ ဆန်အိတ်လိုက် ဝယ်စားနိုင်ပါတယ်။ ဒါပေမဲ့ အခုက ဆန်ကို တစ်ပြည်၊ နှစ်ပြည်လောက်ပဲ ဝယ်နိုင်တော့တယ်။ သင်္ကြန်မတိုင်မီက ဆန်တစ်ပြည်ကို ၁၇၀၀ ကျပ်လောက်နဲ့ ဝယ်စားခဲ့ရပါတယ်ဟု ပြောသည်။

 

လက်ရှိတွင် ဆန်တစ်ပြည်လျှင် ကျပ် ၂၂ဝဝ အထိဖြစ်လာနေသည်ဟု ဆိုသည်။

 

ဆန်စျေးနှုန်းမှာ သင်္ကြန်မတိုင်မီ ပေါ်ဆန်မွှေးဆန် တစ်အိတ်ကို ငွေကျပ် ၇ သောင်းခန့်ရှိခဲ့ရာမှ လက်ရှိတွင် ၈ သောင်းကျော်အထိ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိ စစ်တွေဆန်စျေးကွက်တွင် ေါ်ဆန်းမွှေး တစ်အိတ် လျှင် ၈၅ဝဝဝကျပ် ၊ကောက်ကြီးဆန် တစ်အိတ်လျှင် ၇၅ဝဝဝကျပ်၊  ဧည့်မထဆန် (ဒေသ အခေါ်အဝေါ် ရွှေဝါထွန်း)တစ်အိတ်လျှင် ၅၈ဝဝဝကျပ်၊  (ဒေသအခေါ်အဝေါ် ကောက်ချေ ငစိန် ဆန်တစ်အိတ်လျှင် ၅၃ဝဝဝကျပ်ရှိကြောင်း သိရသည်။

 

အလားတူ လက်ရှိတွင် စားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ တစ်ပိဿာကို ၃၇၀၀ ကျပ်၊ စားသုံးဆီတစ်ပိဿာကို ကျပ် ၁၂၅၀၀ ကျပ်နှင့် ငရုပ်သီးခြောက် တစ်ပိဿာကို ၁၈၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

 

ယင်းသို့ ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်သည့်အတွက် လက်လုပ်လက်စားများတွင် ယခင်က တစ်ရက်လျှင် ငွေကျပ် တစ်သောင်းခန့်ဖြင့် တစ်နေ့တာ ထမင်းစားစရိတ်ကို ဖြေရှင်းနိုင်ခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၁ သောင်းခွဲမှ ၂ သောင်းအထိ သုံးမှသာ အဆင်ပြေသည်ဟုလည်း ဆိုကြသည်။ (NN-18)

ဆက်စပ် သတင်းများ