တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

သက်လူမျိုးတို့၏ အမျိုးသားနေ့အခမ်းအနား မောင်တောတွင် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 468

နိရဉ္စရာ၊ မေ ၁/၂၀၂၃

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိ​တော့သည့် သက်လူမျိုးတို့၏ ဒုတိယအကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို မောင်တောမြို့နယ် ​မြောက်ပိုင်း၊ သက်ကိုင်ညာကျေးရွာ၌  ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ယနေ့ မေလ ၁ ရက်၊ နံနက်တွင် ကျင်းပခဲ့ရာ စစ်ကောင်စီ တာဝန်ရှိသူများ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့များ၊ ရခိုင်မျိုးနွယ်စုဝင်များ၊ သက်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည် ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်အမျိုးသားနေ့ ကျင်းပရေးကော်မတီနာယက ဦးထွန်းလှကျော်က "ရည်ရွယ်ချက်ကတော့ လူမျိုးတစ်မျိုးရဲ့အမှတ်လက္ခဏာလို့ဆိုတဲ့ အမျိုးသားနေ့ကို လူတိုင်းသိအောင်၊ နောက်ပြီးတော့ လတ်တလော ရင်ဆိုင်နေရတဲ့ စာပေယဉ်ကျေးမှုတွေပျောက်ကွယ်နေတာကို စိတ်ဝင်တစားနဲ့ အကောင်အထည်ပေါ်လာအောင်၊ စာပေတွေကို ပြန့်ပွားလာအောင်။ အဓိကကတော့ ကိုယ်တို့ရဲ့ အခုသင်ကြားနေတဲ့စာပေတွေကို လူတိုင်းသင်ချင်တဲ့စိတ်ရှိလာအောင်၊ စာပေယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးစိတ်ရှိအောင်၊ စာပေနဲ့ယဉ်ကျေးမှုအသင်းရဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အဲဒီအတိုင်းအချက်သုံးချက်ကိုပဲ အဓိကဦးတည်ပြီး ကျင်းပရတာပါ" ဟု ပြောပြသည်။

 

အဆိုပါအခမ်းအနားတွင် ရခိုင်ရိုးရာ အမျိုးသားဒိုးအားကစားပြိုင်ပွဲ၊ အမျိုးသမီး ဒိုးအားကစားပြိုင်ပွဲ ယဉ်ကျေးမှုအကပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပြခန်းတို့ကို ထည့်သွင်းကျင်းပခဲ့ပြီး အားကစားပြိုင်ပွဲဆုများကိုလည်း အခမ်းအနားတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့်အပြင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ဒိုင်းနက်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့ကလည်း ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်လူမျိုးများသည် ယခင်က အခြားတိုင်းရင်းသားလူမျိုးများထံမှ နှိမ့်ချခွဲခြား ဆက်ဆံခြင်းများကို ခံခဲ့ရသော်လည်း လက်ရှိအချိန်တွင် တန်းတူညီမျှစည်းလုံးစွာ ဆက်ဆံနေထိုင်လျက်ရှိသည်ဟု သက်လူမျိုးများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကျင်းပသည့် ပထမအကြိမ် သက်အမျိုးသားနေ့အခမ်းအနားကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် ကျင်းပခဲ့ပြီး သက်လူမျိုးများ၊ အခြားမျိုးနွယ်စုခေါင်းဆောင်များနှင့် နယ်ပယ်အသီးသီးမှဖိတ်ကြားထားသော ဧည့်သည် ၄၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်မျိုးနွယ်စုအထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊ သက်၊ မရမာကြီး၊ သက္ကမ(ခေါ်) ဒိုင်းနက်နှင့် ကမန်စသည့် မျိူးနွယ်စုများရှိရာ သက်လူမျိုးများသည် လူဦးရေအနည်းဆုံးဖြင့် ကျန်ရှိသည့် ရခိုင်မျိုးနွယ်စုတစ်ခုဖြစ်ကြောင်း သိရသည်။

သက်လူမျိုးများသည် တောင်ယာနှင့်လယ်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး ရခိုင်တွင် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်ပြီး မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့်အမ်းမြို့နယ်တို့၌လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ရခိုင် အပါအဝင် မြန်မာနိုင်ငံတွင် သက်လူမျိုး လူဦးရေမှာ ခြောက်ထောင်ခန့်သာ ကျန်ရှိတော့ပြီး တချို့ သက်လူမျိုးများမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နေထိုင်ကြကြောင်း သိရသည်။ (NN-8)


ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ