တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးအကြောင်း ရိုက်ကူးထားသော My Hidden City မှတ်တမ်းရုပ်ရှင်ကား ပြင်သစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဇာတ်လမ်းတို ဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

နိရဥ္စရာ၊ မေ  / ၂၀၂၃

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော်၊ မြောက်ဦးမြို့အကြောင်း ရိုက်ကူးထားသည့် "My Hidden City" မှတ်တမ်းရုပ်ရှင်သည် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဇာတ်လမ်းတိုဆုကို ရရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ Nice မြို့တွင် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ကျင်းပခဲ့သည့် Giraffe Film Festival ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆု(Best Short Documentary)ကို ရရှိခဲ့ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာသို့ပြောသည်။

"မေ ၁ ရက် မနက်က အဲဒီပြင်သစ်က ရုပ်ရှင်ပွဲတော်တာဝန်ရှိသူတွေက အီးမေးလ်ပို့ပြီး အကြောင်းကြားလာပါတယ်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတိုဆုရတယ်ဆိုပြီးတော့လေ။ အရင်ပြခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တိုင်းမှာလည်း ဒီဇာတ်ကားက ဆန်ခါတင်စာရင်းဝင်ခဲ့တယ်။ အခုအကြိမ်က အကောင်းဆုံးဆုရရှိတဲ့အတွက် ပိုဝမ်းသာမိတယ်"ဟု ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်လမ်းတိုကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင်ပြသရန် ရွေးချယ်ခံရပြီးနောက် ဆက်တိုက်ပြသလာခဲ့ရာ ယခုအကြိမ်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတို ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမှတ်တမ်းရုပ်ရှင်သည် ၂၀၂၂  ခုနှစ် ဇွန်လ(၂၄)ရက်က ဂျပန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင်လည်း ဂုဏ်ပြုရည်ညွှန်းဆုလက်မှတ်ရရှိခဲ့သေးသည်။

ရခိုင်တို့၏ မြောက်ဦးမြို့ကို ကမ္ဘာကသိရှိလာစေရန်နှင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေရှိ အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် အဆိုပါမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

"ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တာက မြောက်ဦးကို ကမ္ဘာက သိစေချင်တယ်။ နောက်တစ်ခုကတော့ မြောက်ဦးမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းချင်တဲ့ဆန္ဒနဲ့ ရိုက်ခဲ့ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အထောက်အကူဖြစ်ဖို့အတွက်လည်း ရည်ရွယ်ခဲ့တယ်"ဟု ပြောသည်။

အဆိုပါရုပ်ရှင်ကို မြန်မာလူမျိုးဒါရိုက်တာ ဝဏ္ဏကျော်နှင့် အမေရိကန်လူမျိုး ဒါရိုက်တာ Mr Barry Pousman တို့ ပူးပေါင်း၍ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းနှင့် Mr Kimball Gallagher တို့က အဓိက ပံ့ပိုးပေးထားသည်ဟုလည်း သိရသည်။

ဘာသာစကား ၈ မျိုးခန့်ဘာသာပြန်ထားသည့် ၄င်းမှတ်တမ်းရုပ်ရှင်တွင် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၏ မြေးဖြစ်သူ မစောနန်းဣသျှင်နှင့် ကိုစောမင်းဖြူတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် ထုံးတမ်းစဉ်လာ၊ ဓလေ့စရိုက်များ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းဘုရားပုထိုးစေတီများကို ရိုက်ကူးထားခြင်းဖြစ်သည်။

My Hidden City မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပြီးစီးပြီးနောက် ပြင်သစ်၊ အမေရိကန်၊ အိုင်ယာလန်၊ အာဂျင်တီးနား၊ ဂျပန်အစရှိသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ရွေးချယ်ခံခဲ့ရပြီး ယခုထိ ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ ကျော်တွင် ပြသခဲ့ပြီးပြီဟုလည်း သိရသည်။

ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှု ဘုရားပုထိုး၊ အဆောက်အဦများတည်ရှိသည့် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။

ယင်းနောက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် တင်သွင်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့သဖြင့် လက်ရှိတွင် မြောက်ဦးကို UNESCO ဝင်ရေး စစ်ကောင်စီ၏ဆောင်ရွက်ချက် ယာယီရပ်တန့်နေသည်ဟု သိရသည်။

ရှေးဟောင်းသုတေသနဦးစီးဌာန(မြောက်ဦးဌာနခွဲ)အနေဖြင့် ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများကို အစဉ်မပြတ်လုပ်ဆောင်နေသည်ဟု ပြောဆိုသော်လည်း UNESCO ဘက်မှမူ အဆက်သွယ်မလုပ်တော့သည့်အတွက် ရပ်တန့်နေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအာဏာသိမ်းထားသည့် စစ်ကောင်စီသည် နိုင်ငံတကာက အသိအမှတ်ပြုသည့်အစိုးရမဟုတ်သည့်အတွက် မြောက်ဦးကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရေးကို အကောင်အထည်ဖော်နိုင်သည့်အခွင့်အရေးမရှိဟု ရှုမြင်ကြောင်းလည်း ရခိုင်အရေးလေ့လာသူများ သုံးသပ်ရှုမြင်ကြသည်။

ရခိုင်တို့၏ အဖိုးမဖြတ်နိုင်သည့် နှစ်သက်တမ်းရင့် ရှေးဟောင်းယဉ်ကျေးမှု ဘုရားပုထိုး၊ အဆောက်အဦများ တည်ရှိရာ မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO)ဝင်ခဲ့ပါက ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး ယင်းခရီးသွားလုပ်ငန်းများအားအခြေပြု၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာနိုင်မည်ဖြစ်သည်။ (NN-23)

ဆက်စပ် သတင်းများ