တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင်ငှက်အိမ်ချိတ်ဆွဲမှု ရမ်းဗြဲကျွန်းတွင်သာမက မာန်အောင်ကျွန်းထိ တိုးချဲ့ဆောင်ရွက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 527

နိရဥ္စရာ၊ မေ ၂ / ၂၀၂၃

ရခိုင်ဒေသရှိ တောတောင်များနှင့် ဒီရေတောများတွင် နေထိုင်ကျက်စားလေ့ရှိသည့် ကျေးငှက်သာရကာများမျိုး မတုန်းစေရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးအနေဖြင့် ငှက်အိမ်ချိတ်ဆွဲမှုများကို တွင်ကျယ်စွာ လုပ်ဆောင်လာနေသည်ဟု သိရသည်။

လက်ရှိတွင် ရမ်းဗြဲကျွန်းရှိတောင်တန်းများနှင့် ဒီရေတောများတွင် ငှက်အိမ်ပေါင်း ၄၂၀ ချိတ်ဆွဲထားပြီးနောက် နောက်ထပ်ငှက်အိမ်အလုံး ၈၀ ကိုလည်း ရမ်းဗြဲရှိ ဒီရေတောတစ်ခုတွင် ချိတ်ဆွဲသွားဦးမည်ဟု ငှက်အိမ်ချိတ်ဆွဲမှုစတင်လုပ်ကိုင်လာသူ ရမ်းဗြဲဒေသခံစာရေးဆရာ အောင်ဇေမင်းက နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် မာန်အောင်ကျွန်းရှိ ကမားဝရွာနှင့် ကမားကြားရှိ ဒီရေတောတစ်ခု၊ တောင်တန်းတစ်ခုနှင့် မြေနီတောင်တို့တွင်လည်း ငှက်အိမ် အလုံး ၁၂၀ ကိုချိတ်ဆွဲရန်ပြင်ဆင်နေသေးကြောင်း သူက ဆက်ပြောသည်။

"မာန်အောင်ကျွန်းမှာက စပြီးတော့ ငှက်အိမ် အလုံး (၁၂၀) တွဲပါမယ်။ မေလအတွင်း တွဲဖြစ်ပါမယ်။ ငှက်အိမ်တွေဆောက်နေပါပြီ။ နောက်ထပ်မြို့နယ်တွေမှာလည်း ချိတ်ဆွဲနိုင်ဖို့စီစဉ်နေပါတယ်" ဟု ပြောသည်။

ရမ်းဗြဲကျွန်းရှိ ကျောင်းတောင်၊ တန်းဖိုခါးတောင်၊ မိဖုရားစောမဲကျီတည်ထားခဲ့သည့် နားမွေးတော်ဓာတ်စေတီရှိရာ ဝက္ကတိုးတောင်၊ ပက်ခုံးတော်ဓာတ်၊ မြေနီတောင်တောရ ဘေးမဲ့တော၊ ကိုယ်ရံတော်တောင်နှင့် မောင်းကျအိုင်အနီး ဒီရေတောတို့တွင် စုစုပေါင်း ငှက်အိမ်အလုံး ၄၂၀ ကို ချိတ်ဆွဲပြီးစီးပြီဟု သူက ပြောသည်။

ယခုကဲ့သို့ ငှက်အိမ်ပြုလုပ်ချိတ်ဆွဲရသည်မှာ ရခိုင်ရေမြေတောတောင်များတွင် နေထိုင်ကျက်စားနေသည့် ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာ၍ အသိပညာပေးနှိုးဆော်ရန်စိတ်ကူးရသည့်အတွက် ပြီးခဲ့သည့်မတ်လကုန်ပိုင်းမှစတင်ချိတ်ဆွဲလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငှက်အိမ်များကို ရခိုင်ဒေသထွက် သစ်၊ ဝါးများဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး ငှက်အိမ်တစ်လုံးကို အနည်းဆုံးကျပ်ငွေ ၃၀၀၀ ခန့်ကုန်ကျသည်ဟု သိရသည်။

ရခိုင်ရှိ တောတောင်များတွင် နှစ်ချီ၍ တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှုများပြားလျက်ရှိရာ ယင်းတောတောင်များအတွင်း နေထိုင်ကျက်စားကြသည့် တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါမျိုးစိပ်များနှင့် ငှက်မျိုးစိပ်များမှာလည်း တဖြည်းဖြည်းမျိုးတုန်းပျောက်ကွယ်လာနေပြီဟု သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။ (NN-23)

ဓာတ်ပုံ - အောင်ဇေမင်း

ဆက်စပ် သတင်းများ