တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

 

နိရဉ္စရာ၊ မေ ၈/ ၂၀၂၃

 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ သက်တမ်း ၁၀၀ ကျော်ရှိနေပြီဖြစ်သည့် ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ)ဂျမားဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေကြောင်း အစ္စလာမ်ဘာသာဝင်များကပြောကြားသည်။

 

လက်ရှိတွင် ၎င်းဗလီကြီးတွင် ဝတ်ပြုခွင့်ပိတ်ပင်ထားပြီး ရဲသားနှင့် စစ်သားများကို အစောင့်ချထားသော်လည်း မူးယစ်သမားများ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများကို အသုံးပြုနေကြောင်း မွတ်ဆလင်လူငယ် တစ်ဦးကပြောသည်။

 

၎င်းပြင် ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့နေ၍  ဗလီကြီး၏ အစိတ်အပိုင်းတချို့ကိုလည်း ညောင်ပင်များက ဝါးမျိုနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

 

"ဒီဗလီကြီးက နှစ်ပေါင်း တစ်ရာကျော်ရှိနေပါပြီ။ ကိုလိုနီ ဗြိတိသျှ အစိုးရခေတ် လက်ထက်ရာတွေအထဲက အစောဆုံး လက်ရာတစ်ခုလည်းဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်ပါတယ်။ ဘာသာရေးအရ ခွဲခြားမထားဘဲ သမိုင်းနဲ့ ယဉ်ကျေးမှုအရ စဉ်းစားပြီး အစိုးရအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုပါတယ်"ဟု ၎င်းက ပြောသည်။

 

၎င်းဗလီကြီးတွင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းအတွင်းကပင် ဘုရားဝတ်ပြုခွင့်ကို ပိတ်ပင်ထားသည်ဟု သိရသည်။

 

ထိုသို့ ပိတ်ပင်ထားရာမှ ပြုပြင်စောင့်ရှောက် ထိန်းသိမ်းမည့်သူ မရှိ၍ ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ)ဂျမားဗလီမှာ တစတစ ယိုယွင်းပျက်စီးလာနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါရှေးဟောင်းလက်ရာ မြို့မဗလီကြီးကို မိမိတို့အစ္စလာမ်ဘာသာဝင်များက သူတို့ ဖာသာ ထိန်းသိမ်းပြုပြင်ရန်အတွက် အစိုးရထံသို့ခွင့်တောင်းမှုများရှိခဲ့သော်လည်း ယနေ့အချိန်ထိ ခွင့်ပြုခြင်းသေးဟုမရှိခဲ့ဟု ဆိုသည်။

 

ကျွန်တော်တို့ လူကြီးတွေက ပြုပြင်မယ်တောင်းတော့လည်း အစိုးရက ခွင်မပြုဘူး။ အစိုးရ ကိုယ်တိုင်လည်း  ပြုပြင် ထိန်းသိမ်းခြင်း မရှိဘူး။ ဒီအတိုင်းထားရင်  ဗလီအဆောက်အအုံကြီးက  ပြိုပျက်သွားပါလိမ့်မယ်ဟု ၎င်းက ပြောသည်။

 

၎င်းပြင် ရခိုင်ပြည်နယ်တွင် ဗုဒ္ဒဘာသာ ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှုနှင့်အတူ ဆက်ဆံရေးမှာလည်း ကောင်းမွန်လာပြီဖြစ်သဖြင့် အဆိုပါ ဗလီတွင် ဘုရားဝတ်ပြုခွင့် ရလိုကြောင်းလည်း ၎င်းက ပြောသည်။

 

အဆိုပါ စစ်တွေမြို့လယ်ရှိ နှစ်ပေါင်း ၁၆၀ ကျော်ရှိသည့် မြို့မဗလီ(ခ)ဂျမားဗလီကြီးကို လွန်ခဲ့သည့် ၁၈၅၉ ခုနှစ်က ဦးမိုဟာမတ်ဘောချ်နှင့် ဒေါ်အီလာဟီဂျာန်ဘိဂါမ်တို့ မောင်နှမနှစ်ဦးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။

ဆက်စပ် သတင်းများ