အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားပြီဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 812

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း သုံး ပစ္စည်းများနှင့် သောက်သုံးရေ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါက သောက်သုံးရေဖြန့်ဝေနိုင်ရေးများအား ကြိုတင်ပြင်ဆင်ထားရှိသည်ဟု ဆိုသည်။

 

ထိုကဲ့သို့ အသင့် ပြုဆင်ထားမှုကို စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ မာန်အောင်၊ မြောက်ဦး၊ ရမ်းဗြဲ၊ သံတွဲ၊ အမ်းနှင့် မောင်တောမြို့နယ်များတွင် ပြုလုပ်ထားရှိပြီးဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် မိုးလေဝသပညာရှင်များမှ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် စစ်တကောင်း (ဘင်္ဂလာဒေ့ရှ်နိုင်ငံ) အကြားမှ ကုန်းတွင်းပိုင်းသို့ အားကောင်းသည့် မုန်တိုင်းမိုချာဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားသည်။

 

ထိုအတွက် ပင်လယ်ပိုင်းနှင့် နီးစပ်သည့် ဒေသများတွင် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးအသင့် ရှိကြရန် နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားစေလိုကြောင်းကိုလည်း ပရဟိတ အသင်းများက တိုက်တွန်းပြောဆိုထား သည်။

 

ဘေးဒဏ်တော့ ဘယ်ကြုံတွေ့ခံစားချင်ကြမလဲဗျာ။ ဒါပေမယ့် ကြုံတွေ့လာရင်တော့ ရင်ဆိုင်ရမှာပဲလေ။ မဖြစ် ခင်ကတည်းက ဖြစ်မှာကို သိနေတာ (ခန့်မှန်းကြတာ) ပဲ ပြင်ဆင်ထားဖို့တော့ တိုက်တွန်းချင်ပါတယ်။ မိုးဇလ သတင်းတွေကိုလည်း နားစွန့်စေချင်ပါတယ်ဟု ပရဟိတ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။

 

မိုချာအန္တရာယ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်များတွင် ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ဆောင်ထားကြောင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မေလ ၇ ရက်နေ့ကတည်းက ထုတ်ပြန် ပြောဆိုထားကြောင်း တွေ့ရှိရသည်။

 

(NN – 25) ဓာတ်ပုံ - ရခိုင်ပြည်နယ်အတွင်း မိုချာဆိုင်ကလုန်းအတွက် မောင်တော၊ ရမ်းဗြဲ မီးသတ်တပ်ဖွဲ့ ပြင်ဆင်ထားမှု (MFSD)

 

ဆက်စပ် သတင်းများ