စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မုန်တိုင်းဒဏ်အကြီးကျယ်ခံခဲ့ရသည့် ရသေ့တောင်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၃လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 787

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တမြို့လုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရသည့် ရသေ့တောင်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးသွားကြောင်းသတင်းရရှိသည်။

 

ယနေ့ မေလ ၁၈ ရက်၊ နံနက် ၈ နာရီအချိန်ခန့်က  ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်မှ ကိုအာဝါချေ၏ ဖခင်နေအိမ်တွင် ထမင်းချက်ရန် ထင်းများကိုဓာတ်ဆီလောင်း၍ မီးဖိုရာမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။

 

"မီးစလောင်တာက ထမင်းချက်ဖို့မီးဖိုရာက လောင်တာပါ။မီးဖိုတာ မီးမစွဲနိုင်လို့ဆိုပြီး ထင်းကိုဓာတ်ဆီလောင်းပြီးမီးဖိုတာမှာလောင်တာလို့သိရတယ်။အဲဒီအိမ်မှာ အနည်းအကျဥ်း ပြန်ရောင်းနေတဲ့ ဓာတ်ဆီတွေလည်းရှိတယ်" ဟု သူကပြောသည်။

 

မီးကူးစက်လောင်ကျွမ်းမှုကြောင့် မီးစလောင်ကျွမ်းသည့်နေအိမ်ဘေးရှိ ဦးဖြူလှတင်၏နေအိမ်၊ တခြားဘေးတစ်ဖက်ရှိ နေအိမ်တစ်လုံးတို့လည်း လုံးဝပျက်စီး ဆုံးရှုံးသွားကြောင်းလည်း သူကပြောသည်။

 

"အိမ်တွေကတော့ နေထိုင်လို့မရအောင်ပျက်စီးသွားတယ်။အိမ်တွေကတော့ အုတ်နံရံကာ နှစ်ထပ်အိမ်တွေပါ" ဟု သူက ပြောသည်။

 

မီးလောင်ကျွမ်းမှုကို ရသေ့တောင်မီးသတ်တပ်ဖွဲ့ကလာရောက်ငြိမ်းသတ်ခဲ့ရာ မနက် ၉ နာရီလောက်တွင် မီးငြိမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

 

ရသေ့တောင်မြို့သည် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အလွန်အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် တစ်မြို့လုံးရှိ အဆောက်အဦ၊ နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့ခံ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း နိရဥ္စရာကစုံစမ်းသိရရှိရသည်။

 

မိုခါမုန်တိုင်းပြီး၍ ၄ ရက်အကြာ ယနေ့မေလ ၁၈ ရက် အထိ ရသေ့တောင်မြို့သို့ ကယ်ဆယ်ရေးများ မရောက်ရှိသေးသည့်အတွက် မုန်တိုင်းသင့်ပြည်သူများမှာ ရက်ပိုင်းအတွင်း စားနပ်ရိက္ခာ၊ဆေးဝါးနှင့် သောက်သုံးရေ အခက်ခဲများကြုံတွေ့ရတော့မည်ဟု ဆိုသည်။(NN-23)

ဆက်စပ် သတင်းများ