ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာတွင် ထမင်းငတ်နေသူများရှိနေ၍ အကူအညီများအမြန်ရောက်ရှိရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 519

မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာတွင် စားဝတ်နေထိုင်ရေးဆိုးဆိုးဝါးဝါး ခက်ခဲနေပြီးတချို့လက်လုပ်လက်စားများမှာ ထမင်းငတ်ရသည့် အဆင့်သို့ထိ ရောက်ရှိနေည်ဟု ကျေးရွာသားများက ပြောသည်။


မုန်တိုင်းတိုက်
သည့်နေ့နှင့် တိုက်ပြီးအချိန်တွင်လည်း ထမင်းငတ်ခဲ့ကြသည်ဟု တောင်ဦးမော်ကျေးရွာမှ ကျပန်းအလုပ်ကို လုပ်ကိုင်စားသောက်သူ ဒေါ်မစောတင်ကပြောသည်။

 

" ကျမမှာ သုံးနှစ်သားတစ်ယောက်ရှိတယ်။ ကျမတို့က ကျပန်းလုပ်စားပါတယ်။ လေတိုက်တဲ့အချိန်မှာ ကျမတို့က ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့တယ်။  အဲဒီအချိန်တုန်းကလည်း ထမင်းငတ်တယ်။ အိမ်ကိုပြန်ရောက်လာတော့လည်း စားစရာ ဆန်မရှိတဲ့ အတွက် ကျမတို့ ထမင်းဆက်ငတ်တယ်။ ကျမတို့ လေးရက်၊ ငါးရက်လောက် ထမင်းမစားရဘဲနဲ့ နေခဲ့ရတယ်။ အခုကတော့ ရတဲ့အလုပ်ကို လုပ်ပြီးတော့ ဆန်ဝယ်စားနေရပါတယ်။ တခါတလေ ရွာက လူတွေဆီကလည်း နည်းနည်းပါးပါး ပေးတာတွေရှိပါတယ်" ဟုရေးသည်။

 

နောက်ထပ်ကျေးရွာသူ တစ်ဦးဖြစ်သည့် ဒေါ်မေသန်းနုတို့မိသားစုတို့တွင်လည်း စားစရာမရှိတော့သလို နေစရာလည်း မရှိဘူးဟု သူမကပြောသည်။

 

" ကျမတို့က အခု အိုးမဲ့အိမ်မဲ့ပါ။ တာပေါ်လင်စတွေတောင် တစ်ခုမရှိဘူး ကျမတို့မှာ။ မိုးရွာတဲ့နေ့တွေမှာဆိုရင် ထမင်းချက်စားစရာမရှိဘူး။ ညဆိုရင် သူများအိမ်တွေကို သွားပြီးတော့ အိပ်ကြရတယ်" ဟုပြောသည်။

 

၄င်းအပြင် ဒေါ်မသန်းနု၏ သား အဋ္ဌမတန်းအရွယ် ကျောင်းသားတစ်ဦးသည် အပင်ပေါ်က ပြုတ်ကျ၍ ကျောရိုးတွင် ရရှိထားသော ဒဏ်ရာအားလည်း ဆေးကုသရန် အခက်အခဲဖြစ်နေသည်ဟု သူမက ဆက်ပြောသည်။

 

အဆိုပါကျေးရွာတွင် အိမ်ခြေ ၈၂ နှစ်ဆောင် လူဦးရေ ၃၀၀ ကျော် ှိပြီး ကျေးရွာသားများမှာ စားစရာမရှိ၊ နေစရာမရှိဖြစ်နေကြသည်ဟု ကျေးရွာလူကြီး ဦးအောင်သန်းစိန်ကပြောသည်။

 

 " ဒီက ဟင်းတွေခူးပြီးတော့ အနီးအနားမှာရှိတဲ့ မွတ်ဆလင်ကျေးရွာတွေကို သွားပြီးတော့ ရောင်းတယ်။ အဲဒီရွာကနေ ဆန်ခွဲတွေဝယ်ပြီးတော့ စားနေရတယ်။ရွာကလူတွေမှာ စားစရာလည်းမရှိ၊ နေစရာလည်းမရှိကြဘူး။ မိုးရွာတဲ့နေ့တွေမှာဆိုရင် မအိပ်ကြရဘူး" ဟုပြောသည်။

 

အဆိုပါကျေးရွာသည် တောင်ယာလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအားလုံးနီးပါးပျက်စီးသွားသလို ဥယာဉ်ခင်းများ အားလုံးလည်း ကြေမွပျက်စီးသွားသည်ဟု ရွာသားများက ပြောသည်။

 

၄င်းကျေးရွာတွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကပေးသော လေးတောင်အိတ်ဆန် ၁၀ အိတ် ပေးသည်မှလွဲ၍ မည်သည့်အဖွဲ့အစည်းများမှလည်း လာရောက်လှူဒါန်းခြင်းမရှိသေးဟု ကျေးရွာသားများက ပြောဆိုကြသည်။ (NN – 21)

ဆက်စပ် သတင်းများ