သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နေစရာအိမ်မရှိတော့၍ လူဦးရေ ၂၀၀ ကျော် စစ်တွေမြို့ အဓိဋ္ဌာန်ဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ခိုလှုံနေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 515

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ အဓိဋ္ဌာန်ဘုန်းတော်ကြီးကျောင်းတွင် မုန်တိုင်းအတွင်း ခိုလှုံနေကြသည့် အိမ်ထောင်စု (၆၀)၊ လူပေါင်း၂၀၀ ကျော်မှာနေအိမ်များပြိုပျက်သွား၍မိမိနေအိမ်သို့ မပြန်နိုင်ဘဲ အဓိဋ္ဌာန်ဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ခိုလှုံနေကြရဆဲဖြစ်ကြောင်းသိရသည်။

 ၎င်းတို့သည် စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ ဆတ်ရိုးကျကယ်ဆယ်ရေး အစရှိသည့်ရပ်ကွက်များတွင် နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့နေထိုင်ခဲ့သည့်နေအိမ်များသည် မုန်တိုင်းကြောင့် ပြိုပျက်စီးသွားခဲ့သည်ဟု လာရောက် ခိုလှုံနေသူများကပြောသည်။

 

ယခုကဲ့သို့ မုန်တိုင်းကြောင့်နေစရာအိမ်မရှိတော့ ဘုန်းကြီးကျောင်းတွင် စားဝတ်နေရေး အခက်အခဲများစွာဖြင့် ယာယီ လာရောက်ခိုလှုံေကြရသဖြင့် ၎င်းတို့၏ ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန် သက်ဆိုင်ရာမှ ကူညီထောက်ပံ့ပေးရန်လိုအပ်ကြောင်းလည်း ၎င်းတို့က တောင်းဆိုကြသည်။

 

လက်ရှိတွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ လာရောက်ခိုလှုံနေကြသည့် အိမ်ထောင်စု ၆၀ ကို မေတ္တာရောင်ခြည်​ဖောင်ဒေးရှင်း သွေးလှူရှင်များအသင်းက ၎င်းတို့၏စားဝတ်နေရေးကို ကူညီထောက်ပံ့ပေးနေကြောင်းသိရသည်။

 

၎င်းမုန်တိုင်းရှောင်ပြည်သူများအား စစ်ကောင်စီတာဝန်ရှိသူများက မုန်တိုင်းမတိုက်ခတ်မီ မာမီးခေါက်ဆွဲ ၈ဖာ၊ ဆန် ၂၅ အိတ်နှင့်  ရေသန့်ဘူးများ လာရောက် ပို့ပေးခဲ့သော်လည်း မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီများ မရရှိသေးဟု သိရသည်။

 

ပြီးခဲ့သည့်မေလ ၁၄ ရက်က၊ စစ်တွေမြို့ကို တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းနှင့် ဝင်ရောက် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့တစ်ခုလုံး ၉ဝရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ရသည်။

ဆက်စပ် သတင်းများ