ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၁၇သန်း ထပ်တိုးကူညီ မည်ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 706

 မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးအတွက် လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအနေဖြင့် အမေရိကန်နိုင်ငံက ဒေါ်လာ ၁၇သန်းနီးပါး ထပ်တိုး ကူညီပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်သည်။

 

အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် မိတ်ဖက်အဖွဲ့အစည်းများထံကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ က အမေရိကန်သံရုံးက ယနေ့ မေ ၂၄ရက်က ထုတ်ပြန်ထားသည်။

 

အဆိုပါမုန်တိုင်းဒဏ်ကြောင့် ဒေသခံများအတွက် အရေးပေါ်နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ် ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရန် အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဖျက်အားပြင်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ထဲက မြို့နယ်များတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ် ငန်းများလိုအပ်နေပြီး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီများစွာ လိုအပ်နေကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် ပရဟိတလုပ်နေသူများက ပြောကြသည်။

 

‘’ပျက်စီးမှုတွေက အရမ်းများတယ်၊ ခုချိန်အထိ အပျက်အစီးတွေရှင်းလင်းလို့တောင်မပြီးသေးဘူး၊ လျှပ် စစ်မီးတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ ပြန်မလုပ်နိုင်သေးဘူး၊ နဂိုအတိုင်းပြန်ရောက်ဖို့အတွက် နိုင်ငံတကာ အကူအညီတွေရမှ ပုံမှန်ပြန်ဖြစ်လာနိုင်မယ်’’ ဟု အမည်မဖော်လိုသည့် ကယ်ဆယ်ရေး လုပ်နေ သူ တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် မေ ၁၄ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုဦးတည်ပြီး ၁နာရီ မိုင် ၁၃၀နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေအပါအဝင် မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များနှင့် ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်း တို့ကိုပါ ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် မေ ၁၉ရက်ကလည်း မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အမေရိကန်အစိုးရက အမေရိကန် ဒေါ်လာ ၂သိန်းကို ကနဦးအနေဖြင့် ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။ NN - 24

Photo:  U.S. Embassy Rangoon

ဆက်စပ် သတင်းများ