မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ(၁၀)ရက်ကျော်ကြာလာပြီဖြစ်သော်လည်း ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များသည် မုန်တိုင်းကယ်ဆယ်ရေးအကူအညီများကိုယနေ့အချိန်ထိတစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှအမျိုးသမီးတာဝန်ခံမအေးခင်က "နေစရာထိုင်စရာလည်း မရှိဘူး။ စားစရာလည်းမရှိဘူး။ပြန်လို့ထူထောင်ဖို့ကလည်း မလွယ်တော့ဘူး။ အဖွဲ့အစည်းတွေကလည်းလာပြီးသတင်းမေးတာ၊ ကူညီပေးတာမရှိသေးဘူး။ ဆက်ပြီးတော့ ဘာလုပ်ရမလဲဆိုတာတစ်ခုမှစဉ်းစားလို့မရတော့ဘူး။ ဆေးပေးခန်းရော၊ အိမ်အဆောင်တွေရော၊အိမ်သာတွေရောအားလုံးပျက်စီးသွားပါပြီ။ အခုတော့မြေပြင်ပေါ်မှာတာပေါ်လင်စတွေမိုးပြီးတော့ ယာယီသဘောနဲ့ နေနေကြ၇ပါတယ်" ဟုပြောသည်။
မေလ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းအတွင်း ကျောက်တော်မြို့နယ်ရှိ၊စစ်ဘေးရှောင် စခန်းအများအပြားသည် ပြိုပျက်သွားခဲ့ကြပြီး ထိုအထဲတွင်လူဦးရေ ၅၀၀ ကျော်နေထိုင်သော တောင်မင်းကုလားစစ်ဘေးရှောင်စခန်းလည်း ပါဝင်သည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် နေအိမ်အဆောင်များ၊ ဆေးခန်း၊ စာသင်ကျောင်း၊သန့်စင်ခန်းများအားလုံးရစရာမရှိအောင် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအနီးရှိအိမ်ထောင်စု ၆၀ ကျော်နေထိုင်သည့် ဝါးတောင် စစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ်အဆောင်များအားလုံးပြိုပျက်စီးသွားပြီး အမိုးအကာနှင့် စားနပ်ရိက္ခာအကူအညီများလိုအပ်နေသည်ဟုစခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။
"ကျနော်တို့ကယ်ဆယ်ရေးမှာကနေအိမ်တွေအားလုံးပျက်စီးသွားပါတယ်။ အခုလက်ရှိမှာတော့ တာပေါ်လင်စတွေနဲ့တဲကုပ်လေးတွေလုပ်ပြီးနေနေကြရပါတယ်။ စာရင်းကောက်သွားကြတဲ့ အဖွဲ့တွေကလည်းလာပြီးထောက်ပံ့တာမရှိသေးပါဘူး။ အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေ လိုနေပါတယ်။ဆန်ဈေးတွေကလည်းအဆအတန်တက်နေပါတယ်။ အလုပ်မရှိတော့ ဝယ်စားဖို့ အဆင်မပြေတာက များသွားပါပြီ"ဟုပြောသည်။
ထို့အပြင်လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင် စခန်းတွင်လည်းနေအိမ်အချို့ အပါအဝင်အိမ်သာများပါမကျန် ပျက်စီးသွားခဲ့ပြီးလက်ရှိတွင် စစ်ဘေးရှောင်အများစုမှာအမိုးအကာမရှိသည့်မြေပြင်ပေါ်တွင် ဖြစ်သလို နေထိုင်နေကြ၇သည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှမအေးသိန်းနုကပြောသည်။
"အိမ်တစ်ခုလုံးလုံး၀ ပြိုပျက်သွားတယ်။ ဘာမှ မ၇လိုက်တော့ မိုးပြင်မှာ ဒီအတိုင်း ထမင်း ချက်စားရတယ်။မိုးပြင်မှာပဲနေနေရပါတယ်။ စားဝတ်နေရေးအခက်အခဲတွေရှိပါတယ်။ ဘာမှ မလုံလောက်ပါဘူး။ ဘာအကူအညီမှလည်းမရောက်သေးဘူး။အခုနေဖို့နေရာ၊ ချက်စားပြုတ်စားမယ့် နေရာလည်းမရှိဘူး။တစ်ချို့အိမ်ပြိုသွားတဲ့သူတွေဆိုရင်လည်း ဘုန်းကြီးကျောင်းတွေမှာနေ၇ပါတယ်။ဒုက္ခသည်ဘ၀မှာ အများကြီးဒုက္ခသည်ဖြစ်သွားပါပြီ" ဟုပြောသည်။
ထို့အပြင် ကျောက်တော်မြို့ပေါ်ရှိမဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်း၊ ၇ထားဘူတာ စစ်ဘေးရှောင်စခန်း၊ကဝိရတနာစစ်ဘေးရှောင်စခန်း၊ မြို့မရွှေကျောင်းစခန်း၊နေပူခံစစ်ဘေးရှောင်စခန်း အစရှိသည့်စစ်ဘေးရှောင်စခန်းများတွင်လည်းနေအိမ်အဆောင်များ ပျက်စီးသွားပြီးအကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများကပြောသည်။
မုန်တိုင်းတိုက်ပြီးနောက်ဆန်အပါအဝင် အခြေခံကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေသဖြင့်ဝယ်ယူစားသောက်နိုင်ရန်လည်း ခက်ခဲနေကြောင်း ၎င်းတို့ကပြောသည်။
လက်ရှိတွင်စစ်ဘေးရှောင်အများစုမှာ စားဝတ်နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေ၇ကြ၇ပြီး အစိုးရမှကူညီထောက်ပံ့ပေးမှုလည်းမရှိသေးသလိုတခြား လူမှုကူညီရေးအဖွဲ့အစည်းများ၏အကူအညီများကိုလည်း မရရှိသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။
မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်မှစစ်ဘေးရှောင်စခန်းများအပြင် ဝေးလံခေါင်ဖျားသည့် နေရာများတွင် တည်ရှိသည့်ကျေးရွာများလည်း အရေးပေါ် အကူအညီများကို အဆောတလျင်လိုအပ်နေကြောင်း သတင်းရရှိသည်။ (NN-8)
ဓာတ်ပုံ-နေအိမ်အဆောင်များပျက်စီးသွားသည့် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းနှင့်ဝါးတောင်စစ်ဘေးရှောင်စခန်း