ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် ရခိုင်တွင်ကျွဲ၊ နွားထောင်နှင့်ချီသေဆုံးပြီး သီးနှံစိုက်ဧက ၃သောင်းကျော်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 495

(ရခိုင်ကအဓိကလုပ်ငန်း စိုက်ပျိုးရေးကို အကြီးအကျယ်သက်ရောက်မှုရှိနေ)

 

​မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်တွင် လယ်ယာ လုပ်ငန်း၌ အသုံးပြုနေသည့် ကျွဲနှင့်နွားကောင်ရေထောင်နှင့်ချီ သေဆုံပြီး သီးနှံစိုက်ခင်း ဧက  ၃ သောင်းကျော် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ဟု သတင်းရရှိသည်။

 

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂,၈၃၆ ဧကပျက်စီးခဲ့သည်ဟုသိရသည်။

 

ထိုအထဲတွင် ရခိုင်တွင် ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်းစေး  ဧက၊ သစ်သီးဥယျာဥ် ၁၇၀၉ ဧက စုစုပေါင်းဧကပေါင်း ၃,၉၅၃ ဧက ပျက်စီးသွားကြောင်း ယနေ့ မေ၂၄ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။ 


အလားတူ ရခိုင်တွင် ကျွဲနွားများအပါအဝင် အိမ်မွေး တိရစ္ဆာန် ၅၀၄၀၂၅ ကောင် သေဆုံးခဲ့သည်ဟု ယနေ့ မေလ ၂၄ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ကျွဲ၊နွားနှင့် ဥယာဉ်ခြံမြေဆုံးရှုံးမှုသည်  ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်တို့တွင် ပိုပြီးဆိုးဝါးသည်ဟု နိဉ္စရာသတင်းဌာနကို ပြောသည်။ 

 

"ရခိုင်တစ်ပြည်လုံးအတိုင်းအတာအရ  တွက်ချက်ထားကြတာရှိတာပေါ့။ ၉၀ မဟုတ်ရင်  ၉၀ ရာခိုင်နှုန်းကျော် အဲလိုမျိုး။ အထူးသဖြင့်ကတော့ တစ်ခြားဒေသတတွေထက်  ကျနော်တို့ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ ရသေ့တောင် အဲဒီဒေသ တစ်၀န်းကတော့ ပိုပြီးဆိုးဝါးတဲ့ အနေအထားရှိတယ်။ စစ်တွေ အပါအဝင်ပေါ့လေ"ဟု ပြောသည်။

 

ကျွဲ၊ နွား သေဆုံးမှုအပြင် ဆားငန်ရေမဝင်အောင် တည်ဆောက်ထားသည့် တာတမံ အများအပြားလည်း ကျိုးပေါက်ပျက်စီးကုန်ပြီး တောင်သူများတွင် သိုလှောင်ထားသည့် မျိုးစပါးများလည်း ပျက်စီးကုန်သည့်အတွက် လာမည့် မိုးရာသီ စိုက်ပျိုးရေးကာလတွင် စိုက်ပျိုးရေးကို လုပ်ကိုင်နိုင်ရန် မလွယ်ကူကြောင်း ၄င်းဆက်ပြောသည်။  

 

ကျွဲကော၊ ရှောက်ချို၊ ရှောက်သီး သရက်  ကွမ်းသီး၊ ပိန္နဲ စသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးသည့် တောင်သူများမှာလည်း လေပြင်းမုန်တိုင်းကြောင့် အပင်လဲခြင်း၊ အကိုင်းကျိုးခြင်းများဖြစ်ကာ ရခိုင်တစ်ပြည်နယ်လုံးမှာ အများအပြား ပျက်စီးသွားခဲ့သည်ဟု ဦးကျော်ဇံကပြော သည်။ 

 

ဥယျာဉ်လုပ်ကိုင်သူ တောင်သူများအနေဖြင့် ယခုနှစ်တွင် ရင်းနှီးထားသည့် အရင်းအနှီးများအတွက် အကြွေးနွံနစ်ရန်သာရှိပြီး စိုက်ပျိုးရေးမှ မည်သည့်အကျိုးအမြတ်ကိုမှ မျှော်လင့်လို့ မရနိုင်တော့ကြောင်း မြောက်ဦးမြို့နယ် လီညှင်းတောင်ကျေးရွာမှ ဥယျာဥ်ခင်းပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။ 

 

"အသီးတွေအပြွတ်လိုက်နဲ့ကို ကျိုးကျကုန်တာ။ ကြည့်ပြီးရင်ကွဲတယ်။ သရက်၊ ကျွဲကော၊ ရှောက်ချို၊ကြက်မောက် အကုန် (အကုန်) ကုန်တာပဲ။ ဘာမှမရလိုက်ဘူး။ အကုန်ဒုက္ခရောက်ကုန်ပြီ" ဟု ပြောသည်။ 

 

ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုများပြာသည့် အတွက် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးကို အပြောနှင့် မဟုတ်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေသသည်ဟု တောင်သူလယ်သမားများ အရေးလှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။  (NN-7)

 

(ဓာတ်ပုံ- Ran Naing/ Win Myint)

ဆက်စပ် သတင်းများ