သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နိုင်ငံတကာမှလှူဒါန်းပစ္စည်းအများအပြား မိုခါမုန်တိုင်းသင့် ရခိုင်ပြည်သူများသို့ ရောက်ရှိလာခြင်းမရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 703

နိရဉ္စရာ၊ မေလ ၂/ ၂၀၂၃

 

မိုခါ မုန်တိုင်းသင့် ပြည်သူများအတွက် နိုင်ငံတကာက ကူညီလှူဒါန်းသည့်ပစ္စည်းများ မြန်မာနိုင်ငံသို့ အများအပြား ရောက်ရှိလာနေပြီဖြစ်သော်လည်း ၎င်းအထောက်အပံ့ပစ္စည်းများမှာ ယနေ့အချိန်ထိ မုန်တိုင်းသင့် ရခိုင်ပြည်သူများထံ ရောက်ရှိလာခြင်းမရှိသေးဟု စုံစမ်းသိရှိရသည်။

 

အလှူအတန်းပစ္စည်းတွေ ရောက်နေတယ်လို့တော့ ကြားတယ်။ အဲ့ဒီနိုင်ငံတကာက ပစ္စည်းတွေက လိုအပ်တဲ့ ဒေသခံတွေဆီကို ရောက်တယ်လို့တော့ မကြားမိသေးဘူး။ ရွက်ဖျင်တဲတွေ ဘာတွေ ပါတယ်ပြောတယ် ဘယ်လိုဆိုတာ ဘယ်မှာ ပြန်လှူတယ်ဆိုတာမျိုး တွေ့ကို မတွေ့ဖူးသေးဘူးဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

 

စစ်တွေ မြို့ပေါ်က မိုခါမုန်တိုင်းသင့် ရပ်ကွက်တစ်ချို့တွင် ကြက်ဥနှင့် ဆန် ဝေငှ လှူဒါန်းမှုတစ်ချို့ရှိခဲ့သော်လည်း မရရှိသူများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မိုခါသင့် ပြည်သူများကို အာဆီနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်ကောင်စီထံသို့ လှူဒါန်းပစ္စည်းများ ကို မေလ ၁၈ ရက်နေ့ နောက်ပိုင်းကတည်းက လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိရသည်။

 

မေလ ၂၃ ရက်နေ့က မိုခါသင့် ဒေသများအတွက် ထိုင်းနိုင်ငံက ယာယီတဲများ၊ ခြင်ထောင်များ၊ အသင့်စား ခေါက်ဆွဲခြောက်များပါဝင် သည့် တန်ချိန် ၂၀ ခန့်ရှိ လှူဒါန်းပစ္စည်းများကို စစ်ကောင်စီ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။

 

ထိုအပြင် မေလ ၂၂ ရက်နေ့က အာဆီနိုင်ငံများက လှူဒါန်းပေးပို့သည့် အမေရိကန်ဒေါ်လာ ၆ သောင်းတန်ဖိုးရှိသည့် တန်ချိန် ၁၅၅၅၀ ကီလိုဂရမ်ရှိ လှူဒါန်းပစ္စည်းများကိုလည်း လက်ခံရရှိထားကြောင်း သိရှိရသည်။

 

အိန္ဒိယနိုင်ငံမှလည်း အဟာရဖြည့် ဘီစကွတ်များ၊ ငါးသေတ္တာ၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ ဆေးဝါးပစ္စည်းများ နှင့် အခြားအသုံးအဆောင်များပါဝင်သည့် တန်ချိန် ၂၅ တန်ခန့်ရှိ လှူဒါန်းပစ္စည်းများကိုလည်း စစ်ကောင်စီက လက်ခံရရှိထားပြီးဖြစ်သည်။

 

အခုက မုန်တိုင်းသင့် ဒေသတော်တော်များကို ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်သေးဘူး။ မုန်တိုင်းတိုက်ခတ်သွားတာလည်း ၁၀ ရက်ကျော်သွားပြီ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေက အလှူပစ္စည်းတွေ ရောက်လာနိုးနဲ့ စောင့်နေတာ ဘယ်က ရောက်လာမရှိတော့ စိတ်ဓာတ်အရမ်းကျနေကြရတယ်။ မိုးစရာကလည်း မရှိ၊ ကာစရာရှိလည်း မရှိ။ ဒီအတိုင်းဟာလာဟင်းလင်းနေနေကြရတယ်ဟု ကျောက်တော်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

 

မိုခါဒဏ်ကို ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် အများဆုံးကြုံတွေ့ခံစားခဲ့ရပြီး နေအိမ်နှင့် အဆောက်အအုံပျက်စီး ဆုံးရှုံးမှု ၉၅ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့ကြကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများ၏ ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရသည်။


ရခိုင်ပြည်နယ် စစ်ကောင်စီ၏ မေ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ လူပေါင်း ၁၄၈ ဦးသေဆုံးကာ အဆောက်အဦပေါင်း ၂၄၁၀၇၁ ဦးပျက်စီးပြီး အိမ်မွေးတိရစ္ဆာန် ၂၇၆၁၇ ကောင် သေဆုံးခဲ့သည်ဟုသိရသည်။ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၄၈၉၈၆ သိန်းဟု ဆိုထားသည်။ (NN – 25)

 

ဓာတ်ပုံ - စစ်ကောင်စီလက်ခံရရှိထားသည့် အိန္ဒိယနှင့် ထိုင်းမှ လှူဒါန်းပစ္စည်များ

ဆက်စပ် သတင်းများ