တရုတ်ပြည်၏နောက်ဆုံးဧကရာဇ် ပုယီဝတ်ဆင်ခဲ့သည့် Patek Philippe နာရီတစ်လုံးကိုအင်္ဂါနေ့က ဟောင်ကောင် လေလံပွဲ တစ်ခုတွင် လေလံတင်ရောင်းချခဲ့ရာအမည်မဖော်လိုသူတစ်ဦးက အမေရိကန် ဒေါ်လာ ၅ ဒဿမ ၁သန်း( ဟောင်ကောင် ဒေါ်လာ၄၀သန်း) ပေး၍ ဝယ်ယူသွားကြောင်း သိ၇သည်။
တရုတ်ပြည်ချင်မင်းဆက်၏ နောက်ဆုံးဘုရင် ပုယီ အကြောင်းကို The Last Emperor အမည်ဖြင့်ရုပ်ရှင်ရိုက်ကူးဖူးပြီး အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာဆုအများအပြားရရှိခဲ့သည်။
ဟောင်ကောင်လေလံရုံPhillip Asia မှ သောမတ်စ် ပီရက်ဇီက “ရောင်းခဲ့ဖူးသမျှ ဘုရင့် လက်ပတ်နာရီများထဲတွင် ဈေးအများဆုံးရသည့်နာရီ “ ဟုရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခုနာရီမှာရှစ်လုံးသာရှိသော Patek Philippe Reference 96 Quantieme Lune ထဲမှတစ်လုံးဖြစ်ပြီး ဆိုဗီယက်ယူနီယံတွင် ထောင်သွင်းအကျဉ်းကျခံနေ၇စဉ် ပုယီက သူ၏ ရုရှားစကားပြန်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လေလံအကြို ဈေးနှုန်း ဒေါ်လာ ၃ သန်းသတ်မှတ်ခဲ့သော်လည်း အလွယ်တကူပင် ဈေးနှုန်း မြင့်တက်သွားသည်ဟုဆိုသည်။
အခြားသောဘုရင်များဝတ်ဆင်သည့် ပါတက် ဖိလစ်နာရီများ လေလံတင်ခဲ့ရာတွင် အီသီယိုပီးယားဘုရင်ဆီလက်စ်ဆီ ဝတ်ဆင်ခဲ့သောနာရီမှာ ၂၀၁၇ ခုနှစ်က ဒေါ်လာ၂.၉ သန်း၇ခဲ့ဖူးသည်။
ဗီယက်နမ်နောက်ဆုံးဘုရင်Bao Dai ဝတ်ဆင်ခဲ့သော ရိုးလက်စ် နာရီမှာ ၂၀၁၇ ခုနှစ်ကဒေါ်လာ ၅ သန်း ၇ခဲ့သည်။
တရုတ်ပြည်၏နောက်ဆုံးဧကရာဇ် ပုယီကို ၁၉၀၆ခုနှစ်တွင် မွေးဖွားပြီး အသက်(၂)နှစ်တွင်ရင်ခွင်ပိုက်ဘုရင်အဖြစ် တရုတ်ထီးနန်းကို ဆက်ခံခဲ့သည်။ ၁၉၄၅ခုနှစ်တွင် ဂျပန်တို့ စစ်ရှုံးပြီးနောက် ပုယီသည် တရုတ်ပြည် ရှန်ယန်းလေဆိပ်တွင်ဆိုဗီယက်တပ်နီတို့၏ ဖမ်းဆီးထိန်းသိမ်းခံ၇သည်။
စစ်အကျဉ်းသားအဖြစ်ရုရှားနိုင်ငံ၊ ခါဗာရော့ဗ် တွင် ငါးနှစ် ထိန်းသိမ်းခံခဲ့၇သည်။
ဟောင်ကောင်လေလံရုံ၏ပြောဆိုချက်အရ အဆိုပါနာရီ၏ သမိုင်းကြောင်းအမှန်ကို ခိုင်လုံမှုရှိရန်ကျွမ်းကျင်သူများ၊ သမိုင်းပညာရှင်များ၊ ဂျာနယ်လစ်များ၊ သပ္ပံပညာရှင်များနှင့်သုံးနှစ်ကြာ သုတေသနပြုခဲ့၇သည်ဟု ဆိုသည်။
ယခုနာရီမှာထိုစဉ်အချိန်က Patek က ထုတ်လုပ်ခဲ့သမျှတွင်လက်ရာအကောင်းဆုံးဟု လေလံဌာနမှ မစ္စတာပါဇရက်ဇီက ဆိုသည်။
၂၀၀၁ခုနှစ်တွင် ပုယီ၏ ရုရှားစကားပြန် ဂျော်ဂီပါမြာကော့ဗ် အား တွေ့ဆုံမေးမြန်းခဲ့သူသတင်းစာဆရာ ရပ်ဆဲလ်ဝပ်ကင်းက ယခုနာရီအား ပုယီက ပါမြာကော့ဗ်အားဆိုဗီယက်မှ တရုတ်သို့ ပြန်ပို့မခံ၇မီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
NN- 27
Ref: Strait Times