Preview

မိုခါမုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရသည့်စစ်တွေတွင် လမ်းမီးအချို့ကို မီးစက်နိုးပြီး ယနေ့ည မီးပြန်ပေးမည်ဟုဆို

မေ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :581
ရခိုင် သတင်း

ရခိုင်ပြည်နယ်အတွင်းမိုခါမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့်စစ်တွေမြို့တွင် လမ်းမီးအချို့ကိုယနေ့ည ပြန်လည် ပေးမည်ဟု သိ၇သည်။

စစ်တွေရှိအဓိကလမ်းများရှိ ပြိုလဲပျက်စီးသွားသည့်ဓာတ်မီးတိုင်များကိုရှင်းလင်းကာ ပြန်လည် စိုက်ထူထားရှိပြီဖြစ်၍ ယနေ့ မေလ၂၅ ရက်ညတွင် လမ်းမီးများကို ဒီဇယ်မီးစက်ဖြင့်ပြန်လည်ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်၇သူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ထားသည်။

"စစ်တွေမြို့ အဓိက လမ်းတွေရှင်းလင်းပြီးဓာတ်မီးတိုင်များ စိုက်ထူမှု အရှိန်အဟုန်နဲ့ လုပ်ခဲ့ပါသည်။ ယနေ့ညလမ်းမီးလင်းပါတော့မည်။ ပြည်နယ်အစိုး၇အဖွဲ့၏ အစီအမံဖြင့်ဒီဇယ်မီးစက်နှိုး၍ လမ်းမီးပေးပါမည်"ဟုဆိုသည်။

မည်သည့်အချိန်မှမည်သည့်အချိန်ထိ ပေးမည်ဆိုသည်ကို ပြောဆိုထားခြင်းမရှိပါ။


လမ်းမီးများကို မီးစက်ကြီးမှစ၍ မေယုလမ်း၊ ယင်းမှတဆင့်လမ်းမကြီးတစ်လျှောက် ဘီလူးမတံတားအထိပေးသွားမည်ဟုလည်းစစ်တွေမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ သိ၇သည်။

မြို့ခံအမျိုးသမီးတစ်ဦးက "လမ်းမီးကတော့ မနေ့ကညနေမှာ ၁၅မိနစ်လောက်ပဲ ၇ခဲ့တယ်။ ဒီနေ့ပေးနိုင်အောင် စမ်းသပ်တာထင်တယ်။လမ်းမီးတွေအပြင် အိမ်တွေမှာလည်း မြန်မြန်၇ချင်ပြီ။ မီးမရတော့ ချက်ရပြုတ်ရတာမီးသွေးတွေနဲ့ချက်ရတယ်။ ရေသုံး၇တာကလည်း ဝယ်သုံးနေရ။အလုပ်လုပ်၇တာလည်း တော်တော် ဒုက္ခရောက်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင်မြို့သူမြို့သားများ ဆက်သွယ်ရေးအဆင်ပြေစေရန်ဟုဆိုကာဖုန်းအားအခမဲ့သွင်း၍ရသည့်နေရာ ၅ ခုကိုလည်း ပြည်နယ်လျှပ်စစ်ရုံးကစီမံပေးထားသည်ဟု မြို့ခံများက ပြောသည်။

ယင်းနေရာများမှာမင်းဂံကားဂိတ်ဝင်းအနီး၊ စစ်တွေမီးစက်ကြီးရှေ့၊ ရခိုင်ပြည်နယ်အစိုး၇ဖွဲ့ ရုံးရှေ့၊ယဥ်ကျေးမှုပြတိုက်အနီးနှင့် ဘီလူးမတံတားအနီးတို့ဖြစ်သည်။

မုန်တိုင်းသင့်ခဲ့ရသည့်၇ခိုင်တွင် ပြိုလဲပျက်စီးသွားသည့်လျှပ်စစ်မီးတိုင်များ၊ ဓာတ်အားခွဲရုံများ၊ လျှပ်စစ်တာဝါတိုင်များကိုရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှလျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအပါအဝင်လုပ်သားအင်အားစုစုပေါင်း ၂၀၀ ကျော်ဖြင့် ပြန်လည်ပြုပြင်နေကြခြင်း ဖြစ်သည်

စစ်တွေကိုအဓိကဦးစားပေး ပြုပြင်နေကြခြင်းဖြစ်ပြီး မေလကုန်လျှင် စစ်တွေသို့မဟာဓာတ်အားလိုင်းပြန်လည်သွယ်တန်းပြီးစီးမည်ဟု ပြည်နယ်အစိုး၇က ထုတ်ပြန်ထားသည်။

 

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည်ပြီးခဲ့သည့် မေလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၂၀ ပြင်းအားဖြင့်ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

မေလ ၂၁ ရက်၊ ညနေပိုင်း နောက်ဆုံးရရှိသောစာရင်းများအ၇ မိုခါကြောင့်သေဆုံးသူစုစုပေါင်း၁၄၈ ဦးရှိသွားပြီဟု ယမန်နေ့ မေလ ၂၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းတို့အပါအဝင် မြို့အများအပြားတွင် ထိခိုက်ပျက်စီးမှု၉၀ ရာနှုန်းအထိ ရှိခဲ့သည်ဟုလည်း စစ်ကောင်စီကဆိုထားသည်။ (NN-16) 

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.