သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

မုန်တိုင်းသင့်ဒေသများသို့ စစ်ကောင်စီ၏ ကယ်ဆယ်ရေးအကူအညီများဖြန့်ဝေမှု နှေးကွေးနေသည့်အပေါ် ဝေဖန်မှုများရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 520

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီ (၁၂) ရက်ခန့် ကြာလာသည်အထိ စစ်ကောင်စီနှင့် နိုင်ငံတကာ လေဘေးကယ်ဆယ်ရေး အကူအညီများ ရခိုင်ပြည်သူများလက်ထဲသို့ ရောက်ရှိလာခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာမှုဖြစ်နေသည့်အပေါ်  ရခိုင်နိုင်ငံရေး သမားများက ဝေဖန်ပြောဆိုလိုက်သည်။

 

ဘူးသီးတောင်မြို့နယ် ပြည့်သူလွှတ်တော် ကိုယ်စားလှယ်‌ဟောင်း ဦးအောင်သောင်းရွှေက အခုလိုမျိုး လူသားထုအပေါ်  ကပ်ဘေးဆိုက်ရောက်လာရင် လူမျိုး၊ ဘာသာမခွဲခြားဘဲ အဆောတလျင် ထောက်ပံ့ ပေးရမှာက အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်။ ဒီလို ကိစ္စမျိုး ချက်ချင်း ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ အခုက မုန်တိုင်းတိုက်ပြီး ၁၀ရက် ကျော် ကြာလာတဲ့ အထိ ကယ်ဆယ်ရေး အကူအညီတွေ မုန်တိုင်းသင့် လူထုတွေဆီ မရောက်သေးဘူး။  သူတို့အချိန်မီလုပ်လို့ ရနိုင်ရဲ့သားနဲ့ မလုပ်နိုင်တာဟာ သူတို့တာဝန်တွေကို ပျက်ကွက်နေတယ်လို့မြင်တယ နောက်ကွယ်က ဘယ်လို အကြောင်းအရာတွေ ရှိနေသလဲ။ လူထုကို သိအောင်ချပြသင့်တယ်ဟု ပြောဆိုသည်။


ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့်  လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ပြီး ၁၅၀ နီးပါးခန့် သေဆုံးကာ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် အဆောက်အဦပေါင်း ၂၄၁၀၇၁ ဦးနှင့် (ရေယာဉ်+ကား) ၇၁၆ အထိ ပျက်စီးခဲ့သည်။ အိမ်မွေး တိရစ္ဆာန်ပေါင်း  ၂၇၆၁၇ သေဆုံးခဲ့သည်။ စုစုပေါင်း ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ၄၈၉၈၆ သိန်းဖိုးရှိသည်ဟု ရခိုင်ပြည်နယ်ကောင်စီက ထုတ်ပြန်ထားသည်။  

ပျက်စီးဆုံးရှုံးမှုက အရမ်းကြီးမားပါတယ်။ ခေတ်သစ်ရခိုင်သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းတိုက်ခတ်မှုပါပဲ။  အိမ်တွေပြိုတယ်။ ရွာတိုင်းမှာ နေစရာလည်း မရှိကြဘူး။ အမိုးအကာတွေကလည်း ဓနိတွေ၊ သွပ်ပြားတွေ အကုန်ပျက်စီးသွားတယ်။ တာပေါ်လင်တွေလည်း ရှာမရဘူး။ ဆန်စပါးတွေ အကုန်လုံးပျက်စီးသွားတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီလို ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးမှုမျိုးကတော့ လုံး၀ မဖြစ်သင့်ဘူးဟု ၎င်းက ဆက်ပြောသည်။

ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း နိုင်ငံတကာအကူအညီများကို စစ်ကောင်စီက ပိတ်ပင်တားဆီးမှုများရှိနေသည့် အပေါ် ယခုလို ဝေဖန် ပြောကြားသည်။

တချို့ထောက်ပံ့ဖို့လာတာတွေလမ်းစ်ဝက်က လှည့်ပြန်သွားရတာတွေ၊ တချို့နိုင်ငံ တကာအဖွဲ့အစည်းတွေက ကူညီဖို့လာတာတွေ လာခွင့် မပေးတာတွေ ကြားနေရပါတယ်။ အမှန်တကယ်အဲဒီလိုမှန်ခဲ့တယ်ဆိုရင်တော့ ဒီလိုအချိန်အခါမျိုးမှာ မလုပ်သင့်တဲ့လုပ်ရပ်ပါပဲ။ ပြည်သူတွေက ကိုယ့်အချင်းချင်း ဒုက္ခရောက်နေသူတွေဆီ ကူညီဖို့ လာတာကို နိုင်ငံမှာ တကယ်တမ်းတာဝန်ရှိတဲ့ အစိုးရက ဒီလိုပိတ်ပင်တာက ဆင်ခြင်တုံတရား အားနည်းရာ ကျပါတယ်။သူတို့အစိုးရကလည်း လုံလုံလောက်လောက် ပြည်သူတွေကို ထောက်ပံ့ ေးနိုင်တာမဟုတ်ဘူး။ သူများရဲ့စေတနာတွေကိုလည်း ပိတ်ပင်ရာကျတယ်။ ဒီကာလမှာ အထောက်ပံ့အကူညီတွေ ပြည်သူတွေလက်ထဲရောက်အောင် သူတို့ကိုယ်တိုင် ကူညီရမယ့် တာဝန်ရှိတယ်။အဲဒါကြောင့် ဒီလုပ်ရပ်တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် မဖြစ်သင့်တဲ့ကိစ္စလို့ပဲ မှတ်ချက်ပြုချင်တယ်ဟု ပြောဆိုသည်။

လက်ရှိ မုန်တိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်သူများမှာ အစားအစာ၊ သောက်ရေသန့်နှင့်   အမိုးအကာများ အမြန်လိုအပ်နေသော်လည်း မုန်တိုင်းတိုက်ခတ်ပြီး ၁၂ ရက်ကြာလာသည့်တိုင် ယနေ့အချိန်ထိ လေဘေး အကူအညီများ မရောက်ရှိသေးဟု နိရဉ္စရာသတင်းဌာနကို ဆက်သွယ်ပြောကြားသည်။

မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှု ၉ဝ ရာနှုန်းအထိ ရှိခဲ့သည်ဟုလည်း စစ်ကောင်စီကပြောဆိုထားသည်။ (NN-13)

ဆက်စပ် သတင်းများ