ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တွင် တောင်မြေတူးရာမှ ဝေသာလီခေတ်ကဟုယူဆ၇သော စတူပါကျောက်စေတီငယ် ၄ ဆူနှင့်ဦးခေါင်းပြတ်ဘုရားဆင်းတုတော် ၁ ဆူကိုတွေ့ရှိခဲ့သည်ဟုသိ၇သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူ၀ဘုရားအလွန် ၄ ဖာလုံခန့်အကွာရန်ကုန်ဘက်သို့အသွား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးရှိဦးသန်းရွှေကြီးဆိုသူပိုင်ဆိုင်သည့် တောင်ယာမြေအား ယမန်နေ့ မေလ ၂၆ ရက်၊ ညနေ ၅နာရီခန့်က အိမ်ကို မြေဖို့ရန်မြေတူးရာမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းဒေသခံ ဦးလှရွှေက ပြောသည်။
" ပုဏ္ဏားကျွန်းမြို့ရှိနေအိမ်တစ်ခုကို မြေဖို့ မလို့ မြေတွေကိုဘတ်ဟိုးတွေနဲ့တူးရာကနေ အဲဒီစတူပါတွေနဲ့ဘုရားဆင်းတုတော်ကိုတွေ့တာ။ တောင်မြေနေရာမှာ ထပ်ပြီးရှိနိုင်သေးတယ်လို့လည်းယူဆနေကြတယ်"ဟု ပြောသည်။
တွေ့ရှိခဲ့သည့်စတူပါများမှာ အမြင့် ၃ပေခန့်နှင့် ၂ ပေခွဲခန့်ရှိပြီး ကျောက်ဖြင့်ထွင်းထုထားခြင်း ဖြစ်သည်ဟုဆိုသည်။
စတူပါ၏အောက်ခြေတွင်ကျောက်စာကဲ့သို့စာများလည်း ရေးထွင်းပါရှိပြီး ဦးခေါင်းပြတ်ဆင်းတုတော်အတိုင်းအတာကိုမူလောလောဆယ် မသိ၇သေးဟု ပြောသည်။
ကျောက်ဖြင့်ထွင်းထုထားသည့်စတူပါများကို ၇ခိုင်တို့၏ ဓည၀တီ၊ ဝေသာလီ၊လေးမြို့နှင့် မြောက်ဦးစသည့် ခေတ်ကြီး (၄)ခေတ်အနက်ဝေသာလီခေတ်တွင်သာ ထုလုပ်ကိုးကွယ်ခဲ့သည့် အတွက် ယခုတွေ့ရှိခဲ့သည့် စတူပါများမှာဝေသာလီခေတ်လက်ရာဟု ဒေသခံများက ယူဆနေကြသည်ဟုလည်းသိ၇သည်။
မြောက်ဦးမြို့ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်သန်းကမူ စတူပါတွေ့တိုင်း ဝေသာလီခေတ်ကဟု ပြော၍ မ၇နိုင်သေးဟု မှတ်ချက်ပြုသည်။
"အဲလိုမျိုး စတူပါတွေ့တိုင်း ဝေသာလီခေတ်လို့ ပြောလို့မ၇ဘူး။နောက်ပိုင်းခေတ်တွေမှာလည်း လုပ်တယ်။ အခုလည်း လုပ်နေကြတယ်။ ဆိုတော့ အဲဒီနားမှာရှိတဲ့ သမိုင်း အထောက်အထားတွေကို ကြည့်ပြီးမှ ပြောလို့၇မယ်။ ကျမလည်းမြေပြင်ကို မရောက်သေးတော့ဘာခေတ်ကပါလို့ ပြောလို့မ၇သေးဘူး"ဟုပြောသည်။
လက်ရှိတွင်အဆိုပါစတူပါကျောက်စေတီငယ် ၄ဆူနှင့် ဦးခေါင်းပြတ်ဘုရားဆင်းတုတော် ၁ ဆူကို ပုဏ္ဏားကျွန်းမြို့ရှိမြို့မဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းထားသည်ဟု မြို့ခံများက ပြောသည်။
၇ခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာတွင်လည်းပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်က ဒေသခံတစ်ဦးငါးရှာရာမှ ပိုက်ကွန်ဖြင့်ငြိကာ ဝေသာလီခေတ်ကဟုယူဆ၇သော အရှည် ၃ ပေကျော်ရှိသော စတူပါကျောက်စေတီငယ် ၁ ဆူတွေ့ရှိခဲ့သည်ဟုသိ၇သည်။
၇ခိုင်တွင်ဝေသာလီခေတ်က ကျောက်သားတစ်ခုတည်းကိုထွင်းထုထားသည့် စတူပါကျောက်စေတီငယ်များကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်ဟု၇ခိုင်သမိုင်းများတွင် ဖော်ပြထားသည်။ (NN- 16)
ဓာတ်ပုံ- Thein Lwin facebook