Preview

မြစ်ပြင်ထဲဆင်းသွားရာက စစ်တွေအစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေ

ဇွန် ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :2685
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ အစိုး၇နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးသည် ယနေ့မွန်းလွဲပိုင်းက စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်သို့ တစ်ဦးတည်း ဆင်းသွားပြီးနောက်ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

ပျောက်ဆုံးသွားသူမှာစစ်တွေမြို့၊ ဝန်ကြီးများအိမ်ရာအနီးရှိ အစိုး၇နည်းပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင်(၄၅)နှစ်ဖြစ်သည်။

သူသည်ယနေ့ ဇွန်လ ၂ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်တွင်ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့် စစ်တွေ ဖောင်တော်ဟောင်း ကြားရှိကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့တစ်ဦးတည်းဆင်းသွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆရာကြီးအား ကူညီရှာဖွေနေသည့်မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွီးလှူရှင်များအသင်းမှ အတွင်းရေးမှူးကိုသားသားက ပြောသည်။

"ရေကိုဆင်းချိန်မှာ ကမ်းနားလမ်းက အလုပ်သမားတွေက မြင်လိုက်တယ်။မြင်လိုက်တော့ ဘာလုပ်တာလဲလို့ လှမ်းအော် လိုက်သေးတယ်တဲ့။လှမ်းအော်တော့ သူက ရတယ်၊ ၇တယ်။ မဟုတ်ဘူး၊ မဟုတ်ဘူးလို့ပြန်ပြီးတော့ လှမ်းအော်ခဲ့သေးတယ်တဲ့။ သူတို့ကလည်း အမှုမဲ့၊ အမှတ်မဲ့နဲ့ ထမင်းစားဖို့တက်လာတော့နောက်တစ်ခေါက်ကြည့်လိုက်တော့ မမြင်မိတော့ဘူး"ဟုပြောသည်။

ယင်းနောက် အစိုး၇နည်းပညာအထက်တန်းကျောင်းမှ ဝန်ထမ်းများက လာရောက်ရှာဖွေရာသူ၏ဆိုင်ကယ်နှင့် ဦးထုပ်အဖြူရောင်တစ်လုံးကိုကမ်းနားလမ်းပေါ်တွင်တွေ့ရှိခဲ့သော်လည်း ဆရာကြီးအား ရှာဖွေမတွေ့တော့ဟု ဆိုသည်။

"သူ့ရဲ့ ပစ္စည်း ပစ္စယတွေကို ကမ်းနားမှာ ဒီအတိုင်း ပုံပြီးတော့ထားပစ်ခဲ့တာပါ။ Suicide (ကိုယ့်ကိုကိုယ်သတ်သေ)ပုံစံမျိုး သက်ရောက်ပါတယ်။ ကျနော်တို့ထင်တာကတော့ အဲလိုပုံမျိုး သက်ရောက်ပါတယ်"ဟုပြောသည်။

ပျောက်ဆုံးသွားသည့်ကျောင်းအုပ်ဆရာကြီးမှာ ဗမာတိုင်းရင်းသား ဖြစ်ပြီးစစ်တွေတွင် တာဝန်ကျနေသည်မှာနှစ်အနည်းငယ်ကြာပြီဟု သိ၇သည်။

လက်ရှိတွင်ပျောက်ဆုံးနေသည့်ဆရာကြီးအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအသင်းက ကမ်းနားလမ်းတစ်လျှောက်နှင့်ပွိုင့်ကမ်းခြေတို့တွင် ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်၊ နံနက် ၈ နာရီခွဲခန့်ကလည်း စစ်တွေမြို့ရှိပွိုင့်အပန်းဖြေစခန်းရှိ ဗျာလရုပ်တုအနီးတွင် အသက် ၁၈ နှစ်ခန့်အရွယ်အမျိုးသမီးငယ်တစ်ဦးပင်လယ်ထဲသို့ ခုန်ချ ပျောက်ဆုံးသွားခဲ့သည်ဟု သိ၇သည်။

သူမအားစက်လှေသမားများက အာရိယာန်နောက်ဖက်အနားမြစ်ထဲတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်ဟုလည်းမြို့ခံများက ပြောသည်။ (NN-16)

 

ဓာတ်ပုံ- စစ်တွအစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်အားရှာဖွေနေစဥ်။

 

Photo - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့် သွီးလှူရှင်များအသင်း

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.