စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေဒါးပိုင်မွတ်ဆလင်ရွာစျေး မီးလောင် ၊ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁၀ ခန်းပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 867

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒါးပိုင်ကျေးရွာမွတ်ဆလင်စျေးတွင် ယမန်နေ့ညက မီးလောင်၍ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁၀ ခန်း ပျက်စီးသွားသည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်၊ ည ၉ နာရီခွဲက အဆိုပါစျေးရှိ ဆိုင်ခန်းတစ်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ရာမှ တဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်ကာ လူနေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁၀ ခန်းအထိ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ​ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် စျေးအတွင်းရှိ အိမ်အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များနှင့် အဝတ်အထည်အရောင်းဆိုင်များ ပျက်စီးဆုံးရှုံးသွားသည်ဟုလည်း ဒါးပိုင်မွတ်ဆလင်ရွာမှ ဦးသိန်းမောင်က နိရဥ္စရာကိုပြောသည်။

"မဒါလီဆိုင်ဆို တော်တော်များများပျက်စီးသွားတယ်။ အဲဒီဆိုင်က အိမ်အသုံးအဆောင် ပစ္စည်းရောင်းတဲ့ ဆိုင်အကြီးကြီးလေ။ မနေ့က တာပေါ်လင်တွေထပ်ရောက်တာတောင် သိန်း ၇၀၀ ဖိုးလောက်ရှိမယ်။ ကျန်တဲ့ဆိုင်တွေလည်း အနည်းအများ ပျက်စီးကုန်တယ်"ဟု ပြောသည်။

အဆိုပါမီးလောင်မှုကို ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် ဦးဆောင်ကြပ်မတ်၍ စစ်တွေခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း(၄၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့က မီးလောင်ပြင်သို့ သွားရောက်ပြီး ဒေသခံများနှင့်အတူ ငြှိမ်းသတ်ခဲ့ရသည့်အတွက် ည ၁၀ နာရီကျော်တွင် မီးလုံးဝငြိမ်းသွားကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တဆင့်ိရသည်။

မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုများ မရှိခဲ့သော်လည်း မီးဘေးဒုက္ခသည် စုစုပေါင်း(၅)ဦးရှိခဲ့ပြီး သူတို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီ နေရာချပေးထားသည်ဟု သိရသည်။ (NN-16)

ဓာတ်ပုံ - Rakhine Fire Force

ဆက်စပ် သတင်းများ