စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ကူတောင်တွင် အိမ်တစ်လုံးမီးလောင်ပြီး လူနှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 846

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ကူတောင်ကျေးရွာတွင် ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်သွားခဲ့ပြီး လူနှစ်ဦးမီးလောင်ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း သတင်းရရှိသည်။


မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ကူတောင်ကျေးရွာ၊ ကျောက်ချောင်းအပိုင်းမှ ဒေါ်ခင်သန်းမေ၏နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် ဒေါ်ခင်သန်းမေနှင့် ၄င်း၏ ညီမဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာတချို့ရရှိခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၉ နာရီခွဲခန့်က ဓာတ်ဆီရောင်းချရန် လီတာ ၄၀ ဆံ့ဗူးထဲမှ ရေသန့်ဗူးထဲသို့​​ဓာတ်ဆီထည့်နေချိန် မီးဖိုမှမီးကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကူတောင်ကျေးရွာမှ ကိုဦးသန်းလှိုင်က နိရဥ္စရာသို့ပြောသည်။

"ဓာတ်ဆီရောင်းဖို့အတွက် ဆီဗူးကြီးထဲကနေပြီးတော့ ရေသန့်ဗူးထဲဆီလှပ်နေတာမှာ မီးဖိုကမီးကူးပြီးလောင်တာလို့ သိရတယ်။ အိမ်က အားလုံးပါသွားတယ်လို့ပြောရမယ်။ မီးလောင်ပြီးတော့ တိုင်ငုတ်လေးတွေပဲကျန်ခဲ့တယ်" ဟု ပြောသည်။

ရုတ်တရက်မီးကူးစက်လောင်ကျွမ်းမှုကြောင့် ဓာတ်ဆီထည့်နေသည့် နေအိမ်ပိုင်ရှင် ဒေါ်ခင်သန်းမေမှာ ခန္ဓာကိုယ်နှင့် လက်များတွင် မီးပူလောင်သည့်ဒဏ်ရာတချို့ရရှိခဲ့ပြီး နေအိမ်ထဲတွင်ရှိနေသည့် ၄င်း၏ညီမဖြစ်သူမှာလည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

အဆိုပါနေအိမ်မှာ ကုန်စုံဆိုင်တွဲဖွင့်ထားပြီး မီးလောင်မှုကြောင့် ကုန်စုံဆိုင် မီးလောင်ဆုံးရှုံးခဲ့သည်အပြင် ငွေသား ၁၀ သိန်း ကျပ်လည်း မီးလောင်ပျက်စီးသွားသည်ဟုလည်း ဆိုသည်။

ဇွန်လ ၁၂ ရက်၊ ည ၉ နာရီခွဲကလည်း စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ မွတ်ဆလင်စျေးတွင်  မီးလောင်၍ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁၀ ခန်း ပျက်စီးသွားသည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။ (NN-23)

ဆက်စပ် သတင်းများ