Preview

ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ်

ဇွန် ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1096
ရခိုင် သတင်း

(ရခိုင်ပြည်နယ်တွင်အထက်စစ်အာဏာပိုင်များ၏ ညွှန်ကြားချက်ကို စောင့်နေရ၍ ဆုံးဖြတ်ချက်မချနိုင်ဘဲ ကြန့်ကြာနေသောအမှုပေါင်းများစွာရှိနေ)

ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်မြအေးကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်စစ်ကောင်စီက ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒေါ်မြအေးကို၇ခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ဇွန်လ ၁၇ ရက် ရက်စွဲဖြင့်စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ရေးထိုးကာ ယနေ့ဇွန်လ ၁၈ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

ယခင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နွယ်နွယ်ခိုင်မှာ ဧပြီလကုန်ပိုင်းခန့်ကအသက်ပြည့်ပင်စင်ယူသွားပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်ဒေါ်မြအေးကို စစ်ကောင်စီက ပြီးခဲ့သည့် မေလ ရ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တစ်လကျော်အကြာတွင် ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်စစ်ကောင်စီက ထပ်မံ ရာထူးတိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်သွားသည့်ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးနေရာတွင် ဒေါ်စောရွှေဆိုသူအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အ၇ ဇွန်လ ၁၇ ရက်တွင်အစားထိုးတာဝန်ပေးအပ်လိုက်သည်ဟုလည်းစစ်ကောင်စီက ဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်ရှိတရားရုံးအသီးသီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်ပြီးတရားစွဲဆိုထားသည့်အမှုများ၌ တရားလိုနှင့် လိုပြသက်သေမရောက်ရှိဟုအကြောင်းအမျိုးမျိုးပြကာ တရားစီရင်မှုကြန့်ကြာနေသည်ဟုမိသားစုဝင်များက ပြောဆိုကြသည်။

၇ခိုင်တွင် ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့သည့်တကျော့ပြန်တိုက်ပွဲကာလ အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၅၉၄ ဦးကိုမတရားဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယင်းအနက် ၃၉၁ဦးသာ လွှတ်ပေးသေးကာ ကျန်၂၀၃ ဦးဖမ်းဆီးချုပ်နှောင်ခံထား၇ဆဲ ဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပြောဆိုထားသည်။

တရားရုံးများတွင်ကျန်ရှိနေသေးသည့် စစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများအား ယခုလာမည့် ဇူလိုင်လနောက်ဆုံးထား၍ ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီ၏တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် ပြောဆိုထားသော်လည်း ရခိုင်ပြည်နယ်တွင် အမှုအများအပြားမှာ စစ်တပ် အာဏာပိုင်းများ၏ညွှန်ကြားချက်ကို စောင့်နေရ၍ ဆုံးဖြတ်ချက် မချနိုင်ဘဲ ကြန့်ကြာနေကြောင်း သိ၇သည်။

ယခုအသစ်ခန့်အပ်ခြင်းခံလိုက်၇သည့် ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်မြအေးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စောရွှေတို့အနေဖြင့် AA နှင့်ဆက်စပ်သံသယဖြင့် တရားရုံးများတွင်စီရင်ချက်ချရန်ကြန့်ကြာနေသည့်အမှုများကိုလည်း အလျင်အမြန်ဖြေရှင်းပေးရန် လိုအပ်လျက်ရှိနေသည်ဟု  မိသားစုဝင်များက  ပြောဆိုကြသည်။ (NN-16)



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.