Preview

မြောက်ဦးမြို့နယ်တွင် ရာသီဥတုဒဏ်ကာကွယ်နိုင်ရန် စိုက်ပျိုးထားသည့်သစ်ပင်များကို လူငယ်တစ်ဦးအကြောင်းမဲ့ဖျက်ဆီး

ဇွန် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1187
ရခိုင် သတင်း

ဇွန်လ၁၇ ရက်၊ ညနေ ၆ နာရီခွဲခန့်ကမြောက်ဦးမြို့နယ်၊ပီပင်ရင်းကျေးရွာအဝင် ကားလမ်းအနီး စိုက်ပျိုးထားသည့်သစ်ပင်များထဲမှတစ်နှစ်သားအရွယ်"မန်ကျန်ရှား" သစ်ပင် ၅ ပင်ကို ဒေသခံလူငယ်တစ်ဦးကအကြောင်းမဲ့ဓားနှင့်ခုတ်ပိုင်းဖျက်ဆီးခဲ့ကြောင်း သိ၇သည်။


ယခုဖျက်ဆီးခံလိုက်၇သည့် သစ်ပင်များမှာ တစ်နှစ်သားအရွယ်မကျန်ရှားပင်များဖြစ်ပြီး  အပင်အမြင့် ၆ ပေနှင့် ရ ပေကြားရှိကာ ရာသီဥတုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မြောက်ဦးမြို့မှ"စိမ်းလန်းစီ"အဖွဲ့နှင့် ပီပင်ရင်းလူငယ်များအသင်းတို့ ပူးပေါင်းပြီး စိုက်ပျိုးထားသည့်  မန်ကျန်ရှားသစ်ပင်၂၀၀ ခန့်အထဲက ဖြစ်ကြောင်း  ပီပင်ရင်း လူငယ်များအသင်းတာဝန်ရှိသူလူငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"စနေနေ့ ညနေပိုင်းကသစ်ပင်တွေကိုဓားနဲ့ခုတ်ပိုင်းပြီးဖျက်ဆီးသွားတာပါ။ ၄ ပင်ကိုဓားနဲ့ ခုတ်ပိုင်းခဲ့တယ်။နောက်တစ်ပင်ကို အညွန့်တွေ၊ အကိုင်းအခက်တွေအကုန်လုံး ခုတ်ချ ပစ်ခဲ့တာပါ"ဟု ပြောသည်။




အဆိုပါ"မန်ဂျန်ရှား" သစ်ပင် ၅ ပင်အား ညနေပိုင်းအချိန်ငါးရှာဖားရှာလာစဉ် ပေါက်တောပြင် ကျေးရွာမှ ဒေသခံလူငယ်တစ်ဦးကဓားဖြင့်ခုတ်ထစ်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ြောသည်။

သစ်ပင်များကိုဖျက်ဆီးခဲ့သည့်လူငယ်မှာ လက်ရှိပီပင်ရင်းကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် အသက် ၁၆နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ၄င်းကိုယ်တိုင်က ကျေးရွာလူကြီးက ခေါ်ယူမေးမြန်းစဥ်သစ်ပင်များအား ခုတ်ထစ်ဖျက်ဆီးမိခဲ့သည်ဟု ဝန်ခံခဲ့သည်ဟုဆိုသည်။

သို့ရာတွင်သစ်ပင်များအားမည်သည့်အတွက်ကြောင့်ခုတ်ထစ်ဖျက်ဆီးသွားသည်ကို မေးမြန်းမ၇သဖြင့် တမင်တကာ အကြောင်းမဲ့ ဖျက်ဆီးသည်ဟု ယူဆမိကြောင်းပီပင်ရင်းလူငယ်များအသင်းတာဝန်ရှိသူက ပြောသည်။

"သူကိုယ်တိုင်လည်း ဝန်ခံပါတယ်။သစ်ပင်တွေကို သူခုတ်ပစ်ခဲ့တယ်ဆိုတာကို။ ဒါပေမယ့် ဘာကြောင့်ခုတ်ပစ်ခဲ့ရတာလဲဆိုတာတော့သူမဖြေဘူး" ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါပီပင်ရင်း ရွာဝင်လမ်းတစ်လျှောက်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မိုးရာသီက မြောက်ဦးမြို့မှ"စိမ်းလန်းစီ"အဖွဲ့နှင့် ပီပင်ရင်းလူငယ်များအသင်းတို့ ပူးပေါင်းပြီးမန်ကျန်ရှားသစ်ပင် ၂၀၀ ခန့်စိုက်ပျိုးထားခြင်း ဖြစ်သည်။

 

၇ခိုင်တွင် သစ်တောများတစစပြုန်းတီးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ပြီး မုတ်သုံကာလ သဘာ၀ ဘေးအန္တရာယ်များကိုနှစ်စဥ်ကြုံတွေ့နေရသည့် ၇ခိုင်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကသစ်ပင်စိုက်ပျိုးမှုများပြုလုပ်နေသော်လည်း အဆိုပါသစ်ပင်များကိုအကြောင်းပြချက်မရှိ ဖျက်ဆီးသူများလည်းရှိနေကြောင်း သိ၇သည်။

အဆိုပါမန်ကျန်ရှားသစ်ပင်မျိုးမှာကြီးထွားမှုနှုန်းမြန်ပြီး ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၈ ပေမှ ၁၀ အထိကြီးထွားနိုင်သည်ဟု ဆိုသည်။

သဘာ၀ပတ်ဝန်းကျင်မြတ်နိုးသူများနှင့်လူငယ်အဖွဲ့အစည်းများက ရာသီဥတု ဖောက်ပြန်မှု ဒဏ်များမှ အကာကွယ်ရရန်သစ်ပင်များစိုက်ပျိုးနေချိန်တွင် အဆိုပါသစ်ပင်များအား အကြောင်းမဲ့မဖျက်ဆီး သင့်ကြောင်းစိမ်းလန်းစီအဖွဲ့တာဝန်ရှိသူ ကိုမြတ်မင်းစိုးက ပြောသည်။

"အခုဖျက်ဆီးသွားတဲ့လူငယ်ဖက်ကလည်းမသိလို့ဖျက်ဆီးတာမျိုးဆိုပေမယ့် နောက်ထပ် တစ်ကြိမ်ဒီလိုသစ်ပင်တွေကိုဖျက်ဆီးတာမျိုးတွေ မဖြစ်ဖို့ကျွန်တော်တို့ မျှော်လင့်တယ်။ဒီသစ်ပင်တွေက ပြည်သူအတွက် စိုက်ထားတဲ့ပြည်သူပိုင်ပစ္စည်း ဖြစ်နေတယ်လေ။အဲဒါကြောင့် နောက်နောင်မဖျက်စီးကြဖို့ကိုပြောချင်ပါတယ်" ဟု ပြောသည်။

စိမ်းလန်းစီအဖွဲ့သည် ပြည်တွင်းပြည်ပမှ အလှူရှင်များ၏အလှူငွေများဖြင့် ကျေးရွာများတွင် ရာသီဥတုဒဏ်ကာကွယ်နိုင်ပြီးနှစ်ရှည်အရိပ်သစ်ပင်များ စိုက်ပျိုးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းသိ၇သည်။

ယခုနှစ်မိုးရာသီတွင်လည်း  မြောက်ဦးမြို့နယ်အတွင်းသစ်ပင်ပေါင်း၁ သိန်းခန့် စိုက်ပျိုးရန် လျာထားပြီးမကြာမီစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တခြားမြို့နယ်မှ သဘာ၀ပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့အစည်းများကလိုအပ်သည့် ပျိုးပင်များကိုလည်း ကူညီ ပေးသွားမည်ဟု ကိုမြတ်မင်းစိုးက ပြောသည်။

မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသော ၇ခိုင်ပြည်နယ်သည် ပထဝီ အနေအထားအရမိုးများခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့အပြင်ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီ၊ မုန်တိုင်းဒီရေလှိုင်းစသောရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ် ဆိုးကျိုးသက်ရောက်မှုကို ခံ၇နိုင်ခြေများနေသဖြင့် သစ်ပစ်များကို စိုက်ပျိုးရန်၊ ထိန်းသိမ်းရန် အထူးလိုအပ်နေသည့်ဒေသဖြစ်သည်ဟု ဆိုသည်။

၇ခိုင်ပြည်နယ်တွင် ယခုနှစ် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ပြင်းထန် မိုခါ မုန်တိုင်းအပြင် ၂၀၁၀ပြည့်နှစ်က တိုက်ခတ်ခဲ့သောဆိုင်ကလုန်းဂီရိ၊၂၀၀၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မာလာမုန်တိုင်း၊၂၀၁၅ခုနှစ်တွင်တိုက်ခတ်ခဲ့သော ကိုမန်ဆိုင်ကလုန်း မုန်တိုင်းနှင့်၂၀၁၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သော မိုရာဆိုင်က လုန်မုန်တိုင်းများကြောင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါရာသီဥတုဖောက်ပြန်မှုနှင့်သဘာ၀ဘေးအန္တရာယ်များမှာ ရခိုင်ဒေသရှိ တောတောင် များရှိ သစ်တောများ၊မြစ်ချောင်းအင်းအိုင်များရှိ ဒီရေတောများ တဖြည်းဖြည်း ပြုန်းတီးလာမှုနှင့်တိုက်ရိုက်သက်ဆိုင်နေကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများကသုံးသပ်ပြောဆိုကြသည်။

အမ်းမြို့ကသဘာ၀ပတ်ဝန်းအရေးတက်ကြွလှုပ်ရှားသူလူငယ် ကိုမျိုးလွင်က "အဓိကတော့ သစ်တောပြုန်းတီးမှုနဲ့လည်းဆက်စပ်မှုရှိတယ်။ သစ်တောတွေပြုန်းတီးလာတဲ့အခါ ရွာချ လိုက်တဲ့ မိုးတွေဟာ အခိုးအငွေ့အဖြစ်နဲ့မိုးသီးပြန်မဖြစ်လာတော့ဘူး။ သစ်တောတွေရှိတဲ့ အခါမိုးရွာရင်လည်း အခိုးအငွေ့တွေက ပြန်ပြီး မိုးအဖြစ်ရွာတယ်။နောက်တစ်ခုက ပင်လယ်က လာတဲ့ မိုးရိပ်တွေကလည်း ရခိုင်ရိုးမမှာသစ်တောကြီးတွေသိပ်မရှိတော့တဲ့အခါ မရပ်တော့ဘူး။ အဓိကတော့သစ်တောပြုန်းတီးမှုနဲ့ အများကြီးဆိုင်တယ်လို့ပြောလို့ ၇တယ်" ဟုသုံးသပ်ပြောဆိုသည်။

လက်ရှိမေလ ၁၄ ရက်ကတိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ရခိုင်ဒေသ တောတောင်များရှိ သစ်ပင်များ၊မြို့နယ်နှင့်မြို့ပေါ်များရှိ နှစ်ရှည်အရိပ်၇ သစ်ပင်ကြီးများကျိုးပိုင်းသေဆုံးမှု အမြောက်အများရှိခဲ့သည့်အတွက်ရခိုင်ဒေသတွင် သစ်ပင်များအစားထိုးစိုက်ပျိုးရန်အထူးလိုအပ်နေကြောင်းလည်းသဘာ၀ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောသည်။

မိုခါမုန်တိုင်းကြောင့်၇ခိုင်တွင် သစ်ပင်အများအပြား ပြိုလဲပျက်စီးသွားခဲ့သဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယခုအခါ အဆိုပါ နေရာများတွင်အရိပ်ရ သစ်ပင်များကို အစားထိုးစိုက်ပျိုးနေသည်ဟု သိ၇သည်။

ဇွန်လ၁၇ ရက်မှစတင်ကာ မြောက်ဦးမြို့နယ်၊လက္ကာကျေးရွာရှိ လမ်းတလျောက်တွင် အရိပ်၇သစ်ပင်များကို စတင်စိုက်ပျိုးနေခြင်းဖြစ်သည်ဟု ယမန်နေ့ဇွန်လ ၂၀ ရက်၊ ညပိုင်း၌ ULA/AA က ထုတ်ပြန်ခဲ့သည်။ (NN-23)

 

ဓာတ်ပုံ- စိမ်းလန်းစီ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.