စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေဆေးရုံကြီးတွင် ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီး ၃၀ ကျော် အခမဲ့ လာရောက်ကုသမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(ပြသလိုသူများ လူဦးရေအကန့်အသတ်မရှိ စာရင်းပေးသွင်းနိုင်ပြီ)

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လာမည့် ဇွန်လ ၂၅ ရက်၌ ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီးများက အခမဲ့ လာရောက်ကုသပေးမည်ဟု သိရသည်။

ယင်းနေ့နံနက် ၈ နာရီမှစတင်ကာ အခမဲ့ကုသပေးသွားမည်ဖြစ်ပြီး ပြသလိုသူများအနေဖြင့် ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၉ နာရီမှစတင်ကာ စစ်တွေပြည်သူ့ဆေးရုံကြီး လေးထပ်ဆောင် အသစ်အောက်ထပ်ရှိ ပြင်ပလူနာဌာနတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။

ယခု လာရောက်ကုသပေးမည့်သူများတွင် အထွေထွေရောဂါအထူးကု၊ နှလုံးရောဂါ အထူးကု၊ ဆီးနှင့် ကျောက်ကပ် အထူးကု၊ ဦးနှောက်၊ အာရုံကြောနှင့် အတက်ရောဂါ အထူးကု၊ အရိုး၊ အဆစ် သွေးလေးဖက်နာ၊ သွေးနှလုံးရောဂါ အထူးကု၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကု၊ အသည်းရောဂါအထူးကု၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကု၊ သွေးရောဂါအထူးကု၊ အရေပြားရောဂါ အထူးကုနှင့် ကလေး သွေးရောဂါအထူးကု စသည့် ရန်ကုန်မြို့မှ ဝါရင့် အထူးကု/ပါမောက္ခ သမားတော်ကြီးများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခများ ပါဝင်သော သမားတော်ကြီးများ၊ စုစုပေါင်း အယောက် ၃၀ ကျော် ပါဝင်မည်ဟုလည်း  သိရသည်။

အဆိုပါဆရာဝန်ကြီးများနှင့် ရန်ကုန်တွင်သွားရောက်ပြသထားစဥ် ဆရာဝန်ကြီးများက ထပ်မံပြသရန်ချိန်းဆိုထားသည့် ရခိုင်မှလူနာများအနေဖြင့် ရန်ကုန်သို့အသွားအပြန်စရိတ်နှင့် အတူ ပြသစရိတ်တို့ပါ သက်သာသွားမည်ဟု စစ်တွေဆေးရုံကြီးမှ ဝန်ထမ်းတစ်ဦးက နိရဥ္စရာကိုပြောသည်။

"အကျိုးသက်ရောက်မှာက ဘာတွေရှိလဲဆိုရင် ဥပမာ ဒေါက်တာချစ်စိုးပေါ့။ ဒေါက်တာချစ်စိုး ဆိုရင် အရေပြား၊ လေးဘက်နာ၊ အရိုးအကြောဆိုတော့ သူက ပြန်ချိန်ထားတဲ့ လူနာတွေဆိုရင် ကျနော်တို့ဘက်က လူနာနဲ့ လူနာစောင့်ဆိုရင် အသွားအပြန် ၈ သိန်းလောက် ကုန်မယ်လေ။ အဲဒါတွေလည်း သက်သာသွားမယ်။ နောက် ဒေါက်တာမြင့်မြင့်သိန်းနဲ့လူနာတွေ၊ အဲဒါတွေကတော့ အများကြီး သက်သာမယ်။ အသစ်ပြတဲ့လူနာတွေကျတော့ လောလောဆယ် အဲဒီဆရာတွေက ဘာတွေဘာတွေ စစ်လိုက်ခိုင်းမယ်။ ခိုင်းပြီးတော့ သူတို့က ဒီမှာကျန်ခဲ့တဲ့ ဆရာကြီးတွေနဲ့ပြန်ပြီး ချိန်းပြီးတော့ ဆက်ကုသမယ်ထင်ပါတယ်"ဟု ပြောသည်။

ယင်းနေ့တစ်ရက်တည်းသာ ကုသပေးမည်ဖြစ်ပြီး လူဦးရေ အရေအတွက်အား ကန့်သတ် ထားခြင်းမရှိဟုလည်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ (NN-16)

ဆက်စပ် သတင်းများ