စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်လူငယ်ကဗျာဆရာ မြင့်လွင်၏ "မွန်စီယာနာ"အမည်ရှိ ခေတ်ပေါ် ရခိုင်ကဗျာစာအုပ် စတင်ဖြန့်ဝေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်က လူငယ်ကဗျာဆရာတစ်ဦးဖြစ်သူ မြင့်လွင်ရေးသားထားသည့်"မွန်စီယာနာ" ခေတ်ပေါ် ရခိုင်ကဗျာစာအုပ်ထွက်ရှိလာပြီး ယခုဇွန်လနောက်ဆုံးပတ်တွင် စတင်ဖြန့်ဝေနေပြီဟု သိရသည်။

အဆိုပါကဗျာစာအုပ်ထဲတွင် ရခိုင်ကဗျာပုဒ်ရေ ၂၁ ပုဒ်ပါဝင်ပြီး ရခိုင်ဒေသ၏ နိုင်ငံရေး၊ စစ်ပွဲပဋိပက္ခများကြား ရခိုင်ပြည်သူများကြုံတွေ့ရသည့်အခြေအနေများကို ခံစား ရေးဖွဲ့ထားသည့်ကဗျာများနှင့် အချစ်ကဗျာများဖြစ်ကြောင်း ကဗျာဆရာမြင့်လွင်က ပြောသည်။

"ဒီနှစ်ကာလတွေအတွင်း ကိုယ့်ဒေသမှာဖြစ်နေတဲ့ စစ်ပွဲပဋိပက္ခအတွင်းက အဖြစ်ပျက်တချို့၊ ကြုံတွေ့ရတဲ့အခြေအနေတွေကို တည်ပြီးတော့ ရေးထားတဲ့ အရေးအသားကဗျာတွေ ပါပါတယ်။ နှစ်နှစ်တာကာလမှ ရေးသားစုဆောင်းထားခဲ့တဲ့ကဗျာတွေပေါ့" ဟု ပြောသည်။

အဆိုပါကဗျာစာအုပ်ကို NAME Publisher ​က စီစဥ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မေလ မတိုင်ခင်ကပင် ထွက်ရှိခဲ့သော်လည်း မိုခါမုန်တိုင်းကြောင့် ဖြန့်ချိမည့်အစီစဥ်ကို ရွှေ့ဆိုင်းထားခဲ့ရသည်ဟု ကဗျာဆရာမြင့်လွင်က ဆိုသည်။

"မိုခါမတိုင်ခင်ကပဲ စာအုပ်က အဆင်သင့်ပြီးစီးနေပါပြီ။ မိုခါကြောင့် လောလောလတ်လတ် ဒုက္ခရောက်နေချိန်မှာ ဖြန့်ဖို့မသင့်လျော်လို့၊ အားနာလို့မဖြန့်ချိသေးဘဲ အချိန်တစ်ခုထိ နောက်ဆုတ်ထားခဲ့တာပါ" ဟု ပြောသည်။




လက်ရှိတွင်အဆိုပါကဗျာစာအုပ်အား တစ်အုပ်လျှင် ၃ ထောင်ကျပ်ဖြင့် ရန်ကုန်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦးနှင့် စစ်တွေမြို့တို့တွင် စတင်ဖြန့်ချိနေပြီဟု သိရသည်။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလ၊ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလကပင် လက်ရှိအချိန်ထိ ရခိုင်ကဗျာစာအုပ်များ ထွက်ရှိမှုအလွန်တရာနည်းပါးလာခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ရခိုင်ကဗျာစာအုပ်များ ထွက်ရှိလာသည်မှာ ဝမ်းသာစရာပင်ဖြစ်​ကြောင်း ရသေ့တောင်မြို့ခံ ရခိုင်ကဗျာဆရာဝင်ရိုးက နိရဥ္စရာသို့ပြောသည်။

"ကျွန်တော်တို့ ရခိုင်မှာက ၂၀၁၇ ၊ ၂၀၁၈ တိုက်ပွဲစဖြစ်ချိန်ကပဲ ရခိုင်ကဗျာစာအုပ်တွေ မထွက်သလောက်ကိုဖြစ်ခဲ့ရတယ်။ ပြီးတော့ ကိုဗစ်ကာလမှာလည်း အတူတူပဲ။ အဲဒီ ကာလတွေမှာလည်း ထွက်တဲ့ရခိုင်ကဗျာစာအုပ်ရှိပေမယ့် ကြိုကြားကြိုကြားပဲ။ ရခိုင်ကဗျာစာအုပ်ထွက်တာအရမ်းနည်းတယ်လို့ပြောရမယ်။ အခု မြင့်လွင်မှာ ဒီကြားထဲမှာရခိုင်ကဗျာစာအုပ်ထုတ်ဝေလာတယ်။ အခုလိုထုတ်ဝေတာကို ကျွန်တော်တို့ ဝမ်းသာပါတယ်"ဟု ပြောသည်။



ကဗျာဆရာမြင့်လွင်သည် ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာဇာတိဖွား လူငယ်တစ်ဦးဖြစ်ပြီး ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် ဂန္တဝင်အမျိုးအစားကဗျာများစတင်ရေးသားကာ ဝံသရက္ခိတမဂ္ဂဇင်း၊ ရခိုင်တင်းခွန်မဂ္ဂဇင်းအပါအဝင် ဒေသထွက်မဂ္ဂဇင်း တချို့တွင်ဖော်ပြခြင်းခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် ဖဒူမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ပြီး ယင်းအချိန်ကပင် ကဗျာအရေးအသားပုံစံပြောင်းကာ ခေတ်ပေါ်ကဗျာ အရေးအသားပုံစံ စတင်စမ်းသပ်ရေးသားခဲ့သည်။ (NN-23)

ဆက်စပ် သတင်းများ