Preview

" ထလော့ ၇ခိုင်၊ အို --- ရွှေရခိုင်တို့ "

ဇွန် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1841
ဆောင်းပါး

မောင်သက်ဝေ - ရေးသည်
(တစ်)


တလောက ရွာတစ်ရွာသို့အလည်အပတ်ရောက်ရှိခဲ့သည်။ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ ရှင်ပြုပွဲသို့သွားရောက်ခြင်းပင် ဖြစ်သည်။ ထိုရွာသို့ စာရေးသူ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းလည်း ဖြစ်၏။

ရွာလေးကအလွန်သာယာလှပသည်။ ရခိုင်ရိုးမတောင်ခြေရင်းရှိ ကုန်းမြင့်တစ်ခုပေါ်တွင်တည်ရှိပြီး အိမ်ခြေ (၅၀)ခန့်သာရှိသော ကျေးလက်တောရွာလေး ဖြစ်သည်။ ရွာမြောက်ပိုင်းဘက်တွင် တသွင်သွင်စီးဆင်းနေသောစမ်းချောင်းကလေးတစ်ခု ရှိသည်။ ရွာ၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင်လည်းဘုန်းတော်ကြီးကျောင်းနှင့် စေတီတစ်ဆူ တည်ထားကိုးကွယ်ကြသည်။ တစ်ရွာလုံးကိုသစ်ပင်ကြီးများဖြင့် ဖုံးလွှားနေသောကြောင့် စိမ်းလန်းစိုပြေသာယာပြီး စိတ်နှလုံးကို အေးမြကြည်လင်စေ၏။

ယင်းကျေးရွာမှပြည်သူများသည် ဘာသာတရားကိုင်းရှိုင်းပြီး လူမှုဝန်ထမ်းစိတ်အပြည့် ရှိကြသည်။အလှူပွဲ၊ မင်္ဂလာဆောင်ပွဲနှင့်သာရေးနာရေးများ၌ ရွာလုံးကျွတ် တက်တက်ကြွကြွ ကူညီ လုပ်ဆောင်ပေးကြသည်။စာရေးသူ၏ မိတ်ဆွေအလှူ၌လည်း အလှူရှင်သည် နောက်ပြန်လှည့်စရာမလိုလောက်အောင် စိတ်ချ၇သည်။ ကာယလုပ်အားများ ကူညီကြသည့်အပြင်မိမိတို့၌ရှိသော ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည်တို့ဖြင့်လည်းတစ်အိမ်တစ်ခုကျစီ ကုသိုလ်ပါဝင် လှူဒါန်းကြသည်။ ဤကဲ့သို့စည်းလုံးညီညွှတ်သော ကျေးရွာမျိုးကား စာရေးသူ မတွေ့ မမြင်ဖူးပေ။ ထိုကျေးရွာသူ၊ကျေးရွာသားများ၏ စိတ်ဓါတ်ကား လေးစားအားကျ အတုယူဖွယ်ပင် ဖြစ်ပါသည်။

(နှစ်)

သို့သော် ' ဘုရားပြီးရင်ငြမ်းဖျက် ' ဆိုသကဲ့သို့ရှင်ပြုအလှူပွဲပြီးသောအခါ ထိုကျေးရွာသားတို့၏ အပြုအမူသည်ကား စာရေးသူ၏အသည်းနှလုံးကို တုန်လှုပ်ခြောက်ရှားစေခဲ့၏။ လော်စပီကာဖွင့်၍ မိန်းမ၊ ယောကျာ်း မခွဲခြား၊တန်းတူအခွင့်အရေး လက်ကိုင်ထားပြီး အရက်ပုလင်းကိုယ်စီနှင့် ကခုန်ပျော်မြူးမူးယစ်နေကြသည်ကား ညနေဆည်းဆာ၏အလှကို ဖျက်ဆီးနေကြသည့်အလား။သူရိယနေမင်းကြီးလည်း မျက်ရည်ကို အဖော်ပြု၊ နောင်တတရားကိုရင်ဝယ်ပိုက်ကာ လောကကြီးကို လက်ပြနုတ်ဆက် ထွက်ခွာသွားခဲ့၇လေ၏။

ထိုကျေးရွာ၌ ငါးရက်ခန့်နေခဲ့၍ ရပ်ရွာ၏ အဆိုးအကောင်း အကျိုးအကြောင်းများကို လေ့လာခွင့် ရရှိခဲ့သည်။ပျော်ရွှင်ခြင်း၊ ဝမ်းန်းခြင်း၊ စိုးရိမ်ခြင်း၊ လေးစားအတုယူခြင်းစသည့်ဘ၀၇သပေါင်းစုံကို ခံစားစံမြန်းနိုင်ခဲ့သည်။

မြို့နှင့်အလှမ်းဝေးကွာသော ကျေးလက်တောရွာဖြစ်သည်နှင့်အညီဖွံ့ဖြိုးမှုလည်း နောက်ကျသည်။ ပညာတတ် လူငယ်မောင်မယ်များလည်း မရှိသလောက်ရှားပါးသည်။ ဆယ်တန်းအောင်ထားသည့် လူငယ်များက လက်ငါးချောင်း မပြည့်။ကျေးရွာလူကြီးဆိုသူက လေးတန်းတောင် မအောင်ဆိုတော့ အဘယ်တွင် သူ့ကျေးရွာကိုကောင်းမွန်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်မည်နည်း။

ကျေးရွာမှ ရွာသူ၊ရွာသားများသည် တစ်နှစ်ပတ်လုံးရှာဖွယ်စုဆောင်းထားသော ရွှေထည်၊ ငွေစများနှင့်စပါးဆန်ရေများကိုပျော်ပွဲရွှင်ပွဲများအတွက် စည်းကမ်းမဲ့စွာသုံးဖြုန်းနေကြသည်။ ဘနဖူး သိုက်တူးမည့် ဂိုက်သွေးစုပ် စီးပွားရေးသမားများကကျေးရွာလူကြီးကို ချည်းကပ်၍ အကွက်ကျကျ ရွာသားများကို ဖျက်ဆီးနေသည်ဟုပင်ဆို၇ပေမည်။ မနက်မိုးလင်းသည်နှင့် မိန်းမကြီးများသည် နှစ်လုံးဂဏန်း(ချဲ)လိုက်ရှာကြသည်။ နေ့မွန်းတည်းချိန်တွင် ရွာလယ်ရှိ ကုက္ကိုင်ပင်ကြီးအောက်၌ဖဲဝိုင်းသည် ဇာတ်ပွဲပမာ။ နေစောင်းချိန် နေညိုလျှင်လည်းအရက်ဝိုင်းသည် ကာလသားလူငယ်တသိုက်နှင့် အထူး စည်ကားနေလေ့ရှိသည်။ထိုကျေးရွာ၏ အနာဂတ်သည်ကား မတွေးရဲစရာပင် ဆိုးဝါးနေလေ၏။

(သုံး)

ထိုကဲ့သို့အတားအဆီးမဲ့ ယိုယွင်းပျက်စီးနေသောကျေးရွာများသည် စာရေးသူတို့၏ ၇ခိုင်ပြည်၌ တစ်နေ့ထက် တစ်နေ့  ပိုမိုများပြားလာနေသည်။မြို့ပေါ် ရပ်ကွက်များသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။  မြို့ပေါ်ရှိလူကုန်ထံအသိုင်းအဝိုင်းများနှင့် ပညာတတ်လူတော်လူကောင်းများသည်ပင်လျှင်လောင်းကစားအမှုတို့ကြောင့် စီးပွားဥစ္စာများ ဆုံးရှုံး၍ အိမ်ထောင်ရေးများလည်းပြိုကွဲ ပျက်စီး၇သည်အထိ ဖြစ်လာခဲ့ကြသည်။

' မကောင်းမှု ရှောင်၊ကောင်းမှု ဆောင်၊ စိတ်ကို ဖြူအောင်ထား 'ဆိုသည့် ဆောင်ပုဒ်အတိုင်း အရက်၊ ဖဲ၊လောင်းကစားများနှင့် မူးယစ်ဆေးဝါးများကို အချိန်မီ မတားဆီး၊ မရှောင်နိုင်လျှင်တစ်နေ့တွင် ထိုမကောင်းမှုက ပေးလာမည့် ဆိုးကျိုးဒုက္ခကိုခါးစည်းခံစားကြ၇ပေမည်။ မကောင်းမှုအလုပ်များကို ဝေးဝေးကရှောင်ကြဥ်ပြီးကောင်းသည့်အလုပ်ကို ပြုမူဆောင်ရွက်ကာ စိတ်ကိုဖြူအောင်ထားနိုင်မှသာ လောကတွင်လူဖြစ်၇ကျိုး နပ်မည်ပင် ဖြစ်သည်။

(လေး)

စာရေးသူတို့ ၇ခိုင်ပြည်သည်ကမ္ဘာကြီးနှင့် နှိုင်းယှဥ်လျှင် အဘက်ဘက်က နောက်ကျကျန်ရစ်နေသည်။ဒုက္ခဆင်းရဲတွင်းထဲမှ  ရုန်းမထွက်နိုင်အောင်ပင် မှောင်မိုက်ဆိုးဝါးနေသောကာလဖြစ်သည်။   ပျောက်သောလမ်းမှာစမ်းတဝါးဝါးနှင့် အလင်းတန်းရောင်ခြည်ကို လိုက်ရှာနေ၇သော အချိန်ဆိုလျှင်လည်းမမှားနိုင်ပေ။ လောကတွင် အပူနှင့် အအေး၊ ဒုက္ခနှင့် သုခတို့သည် ဒွန်တွဲနေသည်။စာရေးသူတို့ ၇ခိုင်ပြည်သူများအတွက်လည်းအမှောင်ထဲမှ မျှော်လင့်ချက်မီးတောက်လေးတစ်ခုသည်လည်း ထွန်းလင်းတောက်ပ၍လာနေပြီကို အားလုံးအသိပင်။

၇ခိုင်ပြည်အနာဂတ်ကို ပြောင်းလဲတိုးတက်ရန်ထုဆစ်နေသောအချိန်တွင် မိမိတို့နိုင်ရာဝန်ကို ထမ်းရွက်ပြီးရှေ့သို့ချီတက်ကြရပေမည်။ ရခိုင်လူမျိုးနှင့် ၇ခိုင့်အနာဂတ်ကို ဖျက်ဆီးနေသောသည်လောင်းကစားမျိုးစုံနှင့် မူးယစ်ဆေးဝါးများကိုလည်း လက်တွဲညီညီတိုက်ထုတ်ကြရန် လိုအပ်ပါသည်။ တာဝန်ရှိသူများက ကိုယ်ကျိုးရှာစီးပွားရေးသမားများ၏မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ရခိုင်ပြည်သူအပေါင်းတို့ကိုမျက်ကွယ်ပြုထားပါကာ ၇ခိုင်ပြည်၏ ရွှေရောင်အနာဂတ်သည်လည်းတိမ်ဖုံးလွှမ်းသည့်ပမာ မကြာမှီ ပြန်လည်ပျောက်ကွယ်သွား၇ပေလိမ့်မည်။

(ငါး)

အမျိုးသီလ၊ နှစ်ဌာနကိုပါးစပ်က တစ်ဖွဖွ စောင့်ရှောက်နေ၍ မ၇ပေ။ မှန်ကန်သောအလုပ်၊ တရားသောနည်းလမ်းတို့ဖြင့်စီးပွားရှာ လုပ်ဆောင်မှသာ နိုင်ငံသားကောင်း ပီသပေမည်။သူတစ်ပါးဘ၀များကို ဖျက်ဆီးပြီးမှ ရရှိလာသော ထိုပစ္စည်းဥစ္စာသည် မိမိဘ၀ကိုမီးကဲ့သို့ ပူလောင်စေတတ်၏။ မိမိပြုခဲ့သော မကောင်းမှုမှန်သမျှသည် မိမိ၏နောက်သို့အရိပ်ပမာ ထပ်ကြပ်လိုက်နေလိမ့်မည်။ မည်သူမပြု၊ မိမိမူပင် မဟုတ်ပါလော။

မိမိဘ၀၊ မိမိတို့မိသားစုကို ပျက်ဆီးစေတတ်သော သည်အရက်သေစာ သောက်စားခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လောင်းကစားအမှုတို့ကို မဖြစ်မနေရှောင်ခြားသင့်၏။ သည်သမ္မာအာဇီ၀မကျသော နည်းလမ်းတို့ဖြင့် စီးပွားရှာနေကြသောပုဂ္ဂိုလ်ကြီးများသည်လည်း ထိုမကောင်းမှုလုပ်ငန်းများအစား အခြားသောစက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ အစရှိသဖြင့် ၇ခိုင်လူငယ်များအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်သည့် လုပ်ငန်းများကိုတည်ထောင်ဖွင့်လှစ်ပေးကြလျှင် အလွန်သင့်လျော်ပေမည်။ လမ်းစပျောက်ပြီး အလုပ် လက်မဲ့ဖြစ်နေကာ ဆိုးဝါးနေကြသောလူငယ်များကို အလုပ်အကိုင်များဖန်တီးပေး၍ ကယ်တင်နိုင်လျှင် ရခိုင်လူမျိုးတို့မျှော်လင့်တောင်းတနေကြသော ရွှေရောင်အနာဂတ်အတွက် အထောက်အပံ့များစွာ ဖြစ်ပါလိမ့်မည်။

' ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး 'ဆိုသည့်စကားအတိုင်းယနေ့ရခိုင်လူငယ်များသည် အရက်သမား၊ ဖဲသမား၊ ဘိန်းသမားများဖြစ်နေကြမည်ဆိုလျှင် နောင်တချိန်၇ခိုင်ပြည်၏ အနာဂတ်သည်လည်း မည်သည့်နည်းလမ်းနှင့်မှ ထွန်းလင်းတောက်ပလာနိုင်စရာအကြောင်းမရှိပေ။ တိုင်းပြည်တစ်ခုကို ပညာမဲ့သူများနှင့် မတည်ဆောက်နိုင်၊ပညာတတ် လူတော်လူကောင်းများနှင့်သာ တည်ထောင်နိုင်သည်။

ယနေ့အချိန်သည်တိုင်းပြည်တည်ဆောက်ရေးကာလဖြစ်သည်နှင့်အညီ စာရေးသူတို့ ၇ခိုင်သားတို့သည်လည်း မကောင်းမှုအရာတို့၌မွေ့လျော်ခြင်းနှင့် မကောင်းမှုလုပ်ငန်းများဖြင့် စီးပွားရှာခြင်းတို့ကိုအတတ်နိုင်ဆုံး ရှောင်ကြဥ်ကြရန် လိုအပ်နေပါပြီ။

 

အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့သည်၇ခိုင်ပြည်နှင့် ၇ခိုင်လူမျိုးတို့ကို ကျွန်ဘ၀မှ ရုန်းမထွက်နိုင်အောင် အရက်၊ဘိန်း၊ လောင်းကစားမျိုးစုံတို့ဖြင့်အကွက်ကျကျ မံဖျက်ဆီးလာခဲ့သည်ကိုပင်မသိကြလေသလော။

အို --- ထလော့ရခိုင်၊ ရွှေ၇ခိုင်တို့ --- သည်မကောင်းမှုနွံထဲက အချိန်မီ နိုးထကြပါစို့။
အတိတ်သမိုင်းကို သင်္ခမ်းစာယူပြီးအာရက္ခတိုင်းပြည်သစ်ကို လှပအောင်ပုံဖော်ထုဆစ်နိုင်ဖို့ စည်းလုံးညီညွှတ်စွာဖြင့်အတူလက်တွဲလက်ချင်းတွဲကာ အောင်မြင်မှုပန်းတိုင်ဆီ ချီတက်ကြပါစို့ဟုလေးစားချစ်ခင်စွာဖြင့် မေတ္တာရပ်ခံ ရေးသားတောင်းဆိုလိုက်၇ပါသည်။ 

 

(ပြီး)

#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.