စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်ရိုးမတောထဲရှိ မဟာဝိဟာရတောရကျောင်းကို ၁၅ ရက်အတွင်းဖယ်ရှားရှန် ဒုတိယအကြိမ် ညွှန်ကြားချက်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာနှင့် ၇ မိုင်ခန့်အကွာ ရိုးမတောကြီးထဲတွင သီတင်း သုံးနေသည့် မဟာဝိဟာရတောရကျောင်းကို  ဂွမြို့နယ်သံဃနာယကအဖွဲ့မှ  ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် ဒုတိယအကြိမ် ညွှန်ကြားချက်ထုတ်လိုက်သည်ဟု ိရသည်။

အဆိုပါတောရကျောင်းတိုက်သည် ရပ်ကျေးသံဃနာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ကျောင်းဆောက်၊ သိမ်သမုတ်ခြင်းများပြုလုပ်နေသည်ဟု ရပ်ကျေးသံဃနာယကအဖွဲ့ထံမှ ဇွန်လ ၁၆ ရက်က အစီအရင်ခံစာရရှိပြီး မြို့နယ်သံဃနာယကအဖွဲ့၏ ဇွန် လ ၁၉ ရက် အစည်းအဝေးဆုံးဖြတ်ချက် အရဟုဆိုကာ တောရကျောင်းကိုဖယ်ရှားပေးရန် စာထုတ်ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့စွဲနှင့် အဆိုပါညွှန်ကြားစာထဲတွင် တောရကျောင်းတည်ထောင်သူ ဆရာတော် ဦးကဝိဓဇနှင့်  နောက်ပါသံဃာများသည် သံဃနာယက အဖွဲ့အစည်းအဆင့်ဆင့်၏ ခွင့်ပြုချက်ကိုမယူဘဲ ဆင်ကူးကျေးရွာအုပ်စု၊ ကျင်းကြီးဒေသတွင် ကျောင်းဆောက်လုပ်ခြင်း၊ သိမ်သမုတ်ခြင်းကိစ္စများကို ဆောင်ရွက်နေကြောင်း ဆပ်သွားအုပ်စုရပ်ကျေးသံဃနာယကအဖွဲ့မှ အစီရင်ခံလာသည်ဟု ကနဦးဖော်ပြထားသည်ကို တွေ့ရသည်။




ယင်းအပြင် ပြီးခဲ့သည့် မေလ ၈ ရက်က တောရကျောင်းကို ဖယ်ရှားပေးရန် ရပ်ကျေး သံဃနာယက အဖွဲ့က ညွှန်ကြားလာမှုအပေါ် ဆရာတော်ဦးကဝိဓဇက သတင်းမီဒီယာများကို ဖြေကြားခဲ့သည်နှင့် ပတ်သက်၍လည်း သတင်းမီဒီယာနှင့်ပေါင်းကာ သာသနာဝန်ထမ်း မထေရ်ကြီးများ၏ စကားကို လိုက်နာခြင်းမရှိသောကြောင့် ဦးကဝိဓဇအား သံဃနာယက လက်စွဲအခန်း(၁၀)၊ အပိုဒ် ၂၀၅ အရ မိမိမူလနေထိုင်ရာ မှော်ဘီမြို့မှ မဟာဝိဟာရကျောင်းသို့ ပြန်ကြွရန် ဆုံးဖြတ်ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါမဟာဝိဟာရတောရကျောင်းတိုက်ကို ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာဇာတိဖွား ဆရာတော်ဦးကဝိဓဇ သက်တော်(၃၃)နှစ်၊ ဝါတော် (၁၂)က မှော်ဘီမြို့မဟာဝိဟာရကျောင်းတိုက်မှ ကြွရောက်လာကာ ပြီးခဲ့သည့်မတ်လတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဝိနည်းတော်များနှင့်အညီ အသက်ငယ်ရွယ်သံဃာတော်မျာ တရားအားထုတ်ကျင့်ကြံနေသည့် တောကျောင်း တစ်ကျောင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ဒေသတွင် သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် မှော်ဘီမြို့မဟာဝိဟာရ သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီးက စေလွှတ်ခဲ့သည့်အတွက် ရောက်ရှိလာခြင်းဖြစ်ပြီး မဟာဝိဟာရ တောရကျောင်းကို တည်ထောင်ခဲ့ရခြင်းဖြစ်ကြောင်း ဦးကဝိဓဇက နိရဥ္စရာသို့မိန့်ကြားထားသည်။



တောရကျောင်း စတင်တည်ထောင်စဉ်ကပင် ဝါတွင်းကာလသံဃာတော်များသီတင်းသုံးနိုင်ရန် ကျောင်းသင်္ခန်းတည်ဆောက်ခွင့်ရရှိရန် ရပ်ကျေးသံဃနာယကအဖွဲ့ထံ စာရွက်စာတမ်းများနှင့် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိခဲ့ဘဲ မေလထဲတွင် နေရာမှ ဖယ်ရှားရန်ခိုင်းစေလာကြောင်း ဆရာတော်ဦးကဝိဓဇက မိန့်ကြားသည်။

"ဦးဇင်းတို့ ကျောင်းစတည်ထောင်ကတည်းကတော့ သံဃနာယကကဆရာတော်ကြီးတွေဆီမှာ ဝါတွင်းကာလသတင်းသုံးဖို့ ကျောင်းဆောင်ကလေးဖြစ်ဖြစ်ဆောက်ခွင့်ရဖို့ အကြိမ်ကြိမ် တောင်းခဲ့ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးတွေကအကြောင်းအမျိုးမျိုးကြောင့် ခွင့်မပြုဘူးလို့ ပြောတာပေါ့လေ" ဟု မိန့်ကြားသည်။

မိုးရာသီဝါတွင်းကာလ သံဃာတော်များသီတင်းသုံးရန် အုန်းမိုး၊ ဝါးကာကျောင်းဆောင်ငယ် တချို့ဆောက်မိရာမှ သံဃနာယကစည်းမျဉ်းနှင့်မကိုက်ညီဟုဆိုကာ ဖယ်ရှားရန် ဖိအားပေးခံနေရခြင်း ဖြစ်ကြောင်း မိန့်ကြားသည်။

ဦးကဝိဓဇက "မိုးတွင်းလည်းရောက်လာတော့ သံဃာတွေက ဝါတွင်းမှာ ဝိနည်းအရသတင်းသုံးဖို့ အမိုးအကာရနိုင်မယ့်ကျောင်းဆောင်လိုလာတော့ ဓနိမိုး၊ ဝါးကာအဆောင်ကလေးတွေ ဆောက်တာပါ။ ဆောက်ထားတဲ့ကျောင်းဆောင်တွေကိုလည်း လာကြည်လို့ရပါတယ်။ ယာယီအမိုးအကာရရုံပဲ ဆောက်ထားတာပါ။ ဒါကို ခွင့်ပြုချက်မရဘဲကျောင်းဆောက်တယ်ဆိုပြီး သံဃနာယက ဆရာတော်ကြီးတွေကို အခုလိုလုပ်တာထင်ပါတယ်" ဟု မိန့်ကြားသည်။




ပြီးခဲ့သည့် မေလ ၈ ရက်ကလည်း အဆိုပါတောရကျောင်းကို ၇ ရက်အတွင်း နေရာမှ ဖယ်ရှားပေးရန် ဂွမြို့နယ် ရပ်ကျေးသံဃနာယကအဖွဲ့က ပထမအကြိမ် ဖိအားပေး ခိုင်းစေခဲ့သေးသည်။

ကျောင်းထိုင်ဆရာတော်ဦးကဝိဓဇကမူ အဆိုပါကျောင်းမြေမှာလည်း သံဃနာယကအဖွဲ့မှ စွပ်စွဲထားသလို ကျူးကျော်မြေမဟုတ်ဘဲ သာသနာပြုလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဦးကဝိဓဇ၏ ဦးလေးတော်စပ်သူက စာချုပ်စာတမ်းနှင့် ဝယ်ယူလှူဒါန်းထားသည့်မြေဖြစ်ကြောင်း မိန့်ကြားသည်။

ယင်းတောရကျောင်းတွင် ဖိုးသူတော်ငယ်များအပါအဝင် အသက်ငယ်ရွယ်သံဃာတော် အပါး ၈၀ ကျော်ခန့်က ဝိနည်းတော်များနှင့်အညီ ကျင့်ကြံနေထိုင်ပြီး ပရိယတ္တိစာပေများကို လေ့လာ ဆည်းပူးနေကြသည်ဟု ဆိုသည်။

အဆိုပါ သံဃာတော်များသည် ဝါတွင်းကာလကလွဲလျှင် သစ်ပင်အောက်တွင်သာ သီတင်းသုံးခြင်း၊ သင်္ဃန်းအဖြစ် ပိတ်စဖြူများကို သစ်ခေါက်ဆေးဆိုးကာ ကိုယ်တိုင်ခြုပ်၍ ဝတ်ရုံခြင်း၊ နေ့ဘက်တွင် ပရိယတ္တိစာပေများကို ပို့ချသင်ကြားခြင်း၊ ညဘက်တွင် တရားကျင့်ကြံအားထုတ်ခြင်း၊ ဆွမ်းကိုတစ်နပ်သာ ဘုန်းပေးခြင်း၊ ဆွမ်းခံရန် တောရကျောင်းမှ အနည်းဆုံး ၇ မိုင်ခန့်ရှိသည့် ကျေးရွာများသို့ ခြေလျင်ကြွရောက်ခြင်းများကို ကျင့်သုံးနေထိုင်ကြသည်ဟု ဆိုသည်။

ယင်းသို့ အသက်ရွယ်နုငယ်သော်လည်း ခက်ခဲပင်ပန်းမှုများကို သည်းခံကာ ဝိနည်းနှင့်အညီ ကျင့်ကြံအားထုတ်နေသည့် သံဃာတော်များကို ကြည်ညို၍ ရပ်နီးရပ်ဝေးမှ လာရောက် ဖူးမြော်မှုများလည်း မပြတ်ရှိနေကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ