စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ခရီးသွားလာခွင့်နှင့် ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက လက်ရှိအချိန်ထိကန့်သတ်ပိတ်ပင်ထား၍ ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်း မြင့်တက်မြဲမြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နယ်မြဒေသအခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များက ဒေသခံပြည်သူများ၏  ခရီးသွားလာခွင့်နှင့် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တွင် ကုန်ဈေးနှုန်းများမှာ မြင့်တက်မြဲ မြင့်တက်နေကာ ဒေသခံများ၏ ဘ၀ရပ်တည်နေထိုင်ရေးမှာ ဆက်လက် အခက်ကြုံနေရသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။

ပလက်၀မြို့ပေါ်တွင်လက်ရှိပေါ်ဆန်းမွှေးတစ်အိတ်၁၃၅၀၀၀ကျပ်ထိစျေးမြင့်တက်နေပြီးသာမန် ဆန်ကြမ်းတစ်အိတ်မှာ ၈၅၀၀၀ထိ စျေးရှိနေသည်ဟုပလက်၀မြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

ပေါ်ဆန်းမွေးက ကျပ် ၁၃၅၀၀၀ ခန့်ရှိတယ်။ ရိုးရိုး ဆန်ကြမ်းတွေကတော့ ၈၀၀၀၀ ကနေ ၈၅၀၀၀ အကြားမှာရှိ တယ်။ ငရုပ်အစိမ်းကတော့ အစိတ်( ၂၅၀ ဂရမ်)ကို ကျပ် ၁၅၀၀ ဆိုတော့ တစ်ပိဿ ၆၀၀၀ ဖြစ်သွားပြီးပေါ့။ တခြားပစ္စည်းတွေကလည်း အားလုံးစျေးက တက်နေတယ်ဟု ပြောသည်။

 

လက်ရှိကာလသည် မိုးကာလဖြစ်သဖြင့် ပလက်ဝမြို့နယ်အနေဖြင့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ရခိုင်ပြည် ကျောက်တော်မြို့ တစ်ခုတည်းကိုသာ အဓိကထားကာ တင်သွင်းနေရပြီး ကုလားတန် မြစ်ကြောင်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ထားသည်ဟု သိရသည်။


ယခုနှစ် အစပိုင်းတွင် သာမန်ဆန်တစ်အိတ်ကို ၈၀၀၀၀ ခန့်နှင့် စားအုန်းဆီ တစ်လီတာကို ၁၅၀၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ဆန်တစ်အိတ် တစ်သိန်းနီးပါး ကပ်သွားပြီဖြစ်ကာ စားဆီ တစ်လီတာကိုတော့ ၈၀၀၀ ကျပ်၊  ဓါတ်ဆီ တစ်လီတာ ၁၄၀၀၀ထိ ရှိနေပြီး ကုန်စျေးနှုန်းမှာ မြင့်တက်မြဲ မြင့်တက်နေသည်ဟု သူက ပြောဆိုသည်။



 

စားဆီ တစ်လီတာကိုတော့ ၈၀၀၀ ရှိတယ်။ ဓါတ်ဆီကတော့ ၁၄၀၀၀ ပေါ့ တစ်လီတာကို အားလုံးကတော့ အခက်အခဲပါဘဲ။ အခုက ကျောက်တော်က ဝယ်ကတည်းကဈေမြင့်ပြီး ဒီမှာကလည်း လမ်းစရိတ်တွေ ပေါင်းပြီး ဈေးတင်လိုက်ကြတာပေါ့။  လူတွေကတော့ ဒီတိုင်းရုန်းကန်နေကြရတယ်။ ဘာလုပ်ပြီး ထမင်းနပ်မှန်အောင် စားရမယ်ဆိုတာ စဉ်းစားမရဖြစ်နေတယ်။

 

ပလက်ဝမြို့နယ်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ ကုလားတန်မြစ် ရေလမ်းခရီးဖြင့် သယ်ယူရသော် လည်း ဒေသခံ စက်လှေများသွားလာခွင့်ရဖို့ စစ်ကောင်စီတပ်မှ ခွင့်ပြုချက်ရယူရပြီး ပစ္စည်းသယ်ယူခွင့်ကို လည်း ခွင့်ပြုသည့်အတိုင်းသာ တင်ဆောင်နေကြရသည်ဟု မြို့ခံများက ပြောသည်။


ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်နေခြင်းမှာ တစ်ဘက်တွင်လည်း ကျောက်တော်မြို့ ဈေးများမှ ကုန်ပစ္စည်းများကို စျေးကြီးပေး၍ ဝယ်လာရသည့်အပြင် လမ်းတလျှောက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များတွင်လည်း ပစ္စည်းအမျိုးအစားအလိုက် ငွေပေးနေရ၍ ဖြစ်သည်ဟု အဆိုပါမြို့ခံက ပြောသည်။


လက်ရှိအချိန် စစ်ကောင်စီပိုင် ဇက်ရေယာဉ်ဖြင့် ကျောက်တော်- ပလက်ဝ အကြား ကုလားတန် မြစ်ကြောင်းအတိုင်း  တစ်ပတ်လျှင် စနေနှင့် အင်္ဂါ နှစ်ရက် ပြေးဆွဲနေသည်။

 

အဆိုပါ ရေယာဉ်တွင် ပစ္စည်းတင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး  ခွင့်ပြုသည့် အတိုင်းသာ တင်ဆောင်ရပြီး လမ်းခရီးရှိ စစ်တပ်ဂိတ်များကို ငွေကြေးပေးဆောင်ရခြင်းများလည်း ရှိသည်ဟုဆိုသည်။


ဒေသခံများ၏  လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ကန့်သတ်မှု၊ ကုန်ပစ္စည်းသယ်ယူခွင့်များကို ကာလရှည်ကြာစွာ တားဆီးပိတ်သည့်အတွက် ဒေသအတွင်း ကုန်ပစ္စည်းရှားပါးလာကာ မလိုအပ်ဘဲ စျေးကြီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ပြည်သူတွေရဲ့ ခရီးသွားလာမယ်ဆိုရင် သူတို့ဆီက ထောက်ခံစာလိုတယ်။ ထောက်ခံစာမရရင် သွားလာခွင့်မပြုဘူး။ ကုန်ပစ္စည်းတွေဆိုလည်း ဟိုပစ္စည်းမသယ်ရဘူး။ ဒီပစ္စည်းမသယ်ရဘူး။  ကန့်သတ်ထားတယ်။ သယ်ရတဲ့ ပစ္စည်းတွေကျတော့လည်း ကုန်ပစ္စည်းအနည်းအများပေါ်မူတည်ပြီး  စစ်တပ်ဂိတ်တွေကို ငွေပေးရတယ်။ ဒီလို ပြည်သူတွေ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ စစ်တပ်က ဒီလိုမျိုး လုပ်နေတာကတော့ ကိုယ့်ပြည်သူကို ကိုယ်နှိပ်စက်နဲ့တာနဲ့ အတူတူဘဲ။ ချင်းဘဲဖြစ်ဖြစ်၊ ရခိုင်ဘဲဖြစ်ဖြစ်၊ ခူမီးဘဲဖြစ်ဖြစ် အားလုံး ဒီနိုင်ငံသားတွေပဲလေ။ ခုလို လုပ်ရပ်တွေကြောင့် လူထုက ကျွန်တော်တို့ ဒေသမှာ အထူးဒုက္ခရောက်နေကြရတယ်လေဟု ပလက်၀ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ဆေးဝါးနှင့် သံထည်ပစ္စည်းများသယ်ယူ ခွင့်ကိုလည်း စစ်ကောင်စီက လုံးဝပိတ်ပင်ထားဆဲ ဖြစ်ကြောင်းလည်း ပလက်ဝဒေသခံများက ပြောသည်။

 

၂၀၁၉ ခုနှစ်က ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံများသွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့်များကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး  ယခုအချိန်အထိ အင်တာနက်ဆက်သွယ်မှုများကိုလည်း ပိတ်ပင်ထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။  (NN- 29 )


ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။

ဆက်စပ် သတင်းများ