စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်ကျောင်းသား ၃ဝဝ ကျော်အား ပြည်နယ်စစ်ကောင်စီက ဆုချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 541

ရခိုင်ပြည်နယ်ရှိ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသူ၊ ကျောင်းသား ၃ဝဝ ကျော်အား ပြည်နယ်စစ်ကောင်စီက  ဇူလိုင် ၂ ရက်နေ့တွင် ဆုချီးမြှင့် ပေးအပ်ခဲ့သည်။


ဆုပေးပွဲ အခမ်းအနားအား ဇူလိုင်လ ၂ ရက်၊ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ စစ်တွေဟိုတယ်၌ ပြုလုပ်ပြီး ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ချီးမြှင့်ရာတွင် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့၌ One to Ten ရရှိခဲ့သည့်ကျောင်းသူ၊ ကျောင်းသား ၃၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၂၇၂ ဦး၊ စုစုပေါင်း ၃ဝ၇ ဦးအား ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာကို ပြောသည်။

 

သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့မှ One to Ten ရရှိသူ ၃၃ ဦးအနက် ပထမဆုရရှိသူတစ်ဦးစီကို ကျပ်သိန်း ၂ဝ၊ ဒုတိယဆုရရှိသူတစ်ဦးစီကို ကျပ် ၁၅ သိန်းနှင့် တတိယဆုရရှိသူတစ်ဦးစီကို ကျပ်သိန်း ၁ဝ စီ ချီးမြှင့်ခဲ့သည်။

 

ယင်းအပြင် One to Ten ၃၃ ဦးအနက် သိပ္ပံတွဲတွင် နှစ်သိမ့်ဆုရရှိသူတစ်ဦးစီကိုလည်း ကျပ် ၈ သိန်း၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့တွင် နှစ်သိမ့်ဆုရရှိသူတစ်ဦးစီလျှင် ကျပ် ၇ သိန်းနှုန်းဖြင့် အသီးသီး ချီးမြှင့်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ဆိုသည်။

 

အလားတူ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦးကို တစ်ဦးလျှင် ကျပ် ၅ သိန်းနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၂၇၂ ဦးကို တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် အသီးသီးချီးမြှင့်ပေးခဲ့သည်။



 

၂ ဘာသာနှင့် ၁ ဘာသာဂုဏ်ထူးရှင်များကိုမူ ချီးမြှင့်ခဲ့ခြင်းမရှိသလို ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ၅ ဘာသာဂုဏ်ထူးရရှိခဲ့သူလည်း တစ်ဦးမျှ မရှိခဲ့ဟု သိရသည်။

 

ဆုပေးပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်တစ်ဦးကအခုပေးတာက Top Ten အဆင့်ကိုပေးတာ။ Top စာရင်းဝင်။ ၃ ဘာသာကိုတော့ ပေးတယ်။ သို့သော် ၃ ဘာသာကျောင်းသူ၊ ကျောင်းသားအားလုံးကိုတော့ မခေါ်ခဲ့ဘူး။ ဟိုတယ်မှာ မဆံ့လို့တဲ့။ အဲဒါကိုတော့ ၃ ဘာသာကျောင်းသူ၊ ကျောင်းသားတွေကိုယ်စားဆိုပြီးတော့ ကိုယ်စားပြုကျောင်းသူ တစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်ကို တက်ယူခိုင်းတယ်ဟု ပြောသည်။

 

နယ်ဝေးမှ ဆုတက်ရောက်ယူသည့် ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကိုလည်း ခရီးစရိတ်များပါ စစ်ကောင်စီက ထုတ်ပေးခဲ့သေးသည်ဟု ပြောသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းစာမေးပွဲအောင်စာရင်းကို ဇွန်လ ၉ ရက်က ထုတ်ပြန် ကြေညာခဲ့ရာ ရခိုင်ပြည်နယ်မှ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၆၉၂၈) ဦး ဖြေဆိုခဲ့သည့် အနက်(၉၉၆၄)ဦး အောင်မြင်ခဲ့သည်။

 

ထို့အပြင် ရခိုင်ပြည်နယ်၏ ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာလည်း ၅၈ ဒသမ ၈၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အောင်ချက်ရာခိုင်နှုန်းထက် ၁၁ ဒသမ ၆၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၄၁၇၅၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၁၉၇၂၉)ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်းနှုန်းရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။ (NN-16)

ဆက်စပ် သတင်းများ