တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တွင် "သံယောဇဉ်"ထမင်းဆိုင်ဖျက်ဆီးခံရပြီး ဆိုင်ပိုင်ရှင်နှင့် နောက်ထပ်တစ်ဦးတို့ ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 738

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့အမှတ်(၃)ရပ်ကွက်မှ "သံယောဇဉ်"အမည်ရှိထမင်းဆိုင်ကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့များမှ အင်အားသုံးဖြိုဖျက်ပြီး ထမင်းဆိုင်ပိုင်ရှင်နှင့် နောက်ထပ်တစ်ဦး တို့ကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။


ဖမ်းဆီးခံလိုက်ရသူမှာ ဦးအောင်လွင် (၅၇)နှစ်နှင့် သူ၏ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ဘွား (၄၀)နှစ်တို့ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့်အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေးစသည့် ဌာနဆိုင်ရာ ၅ ခုမှ အင်အား ၁ဝဝ ခန့်သည် ၎င်းတို့ နေအိမ်သို့ ရောက်ရှိလာပြီး အိမ်ကို ဖြိုဖျက်ကာ လူကို မ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။




သူတို့အားလုံး ခြံတွေဘာတွေကိုဖျက်ပြီးဝင်ပါတယ်။ အားလုံးရဲတွေက စကားကို အော်ပြောတဲ့ သူတွေကို ဆွဲဖမ်းတယ်။ ဆောက်လုပ်ရေးအဖွဲ့ကတော့ နောက်ကပါ။ ပစ္စည်းတွေ တဖြည်းဖြည်း သိမ်းယူတယ်။ ပြီးတော့ အိမ်တွေကိုလည်း အားလုံးကို ဘော်ဒူဇာတွေနဲ့ ထိုးဖျက်ပစ်ပါတယ်ဟု ပြောသည်။

ဖျက်ဆီးခံလိုက်သည့်ထမင်းဆိုင်သည် နေအိမ်နှင့်အတူ တွဲလျက်ဖွင့်ထားသည့်ဆိုင်ဖြစ်သည်။

အဆိုပါဌာနပေါင်းစုံအဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီကျော်တွင် နေအိမ်ရှေ့သို့ စတင်ရောက်လာပြီး () နာရီအတွင်း နေရာမှဖယ်ရှားပေးရန် မိသားစုဝင်များကို ဖိအားပေးစေခိုင်းခဲ့သည်ဟု သိရသည်။

နေအိမ်ပိုင်ရှင်များကလည်း ရုတ်တရက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင် ရဲအပါအဝင် ဌာနပေါင်းစုံက အတင်းအဓမ္မ အကြမ်းဖက်ဝင်ရောက်ကာ ဖြိုဖျက်သွားခြင်းဖြစ်ပြီး မဖြိုဖျက်ရန် တားမြစ်သည့်အိမ်ပိုင်ရှင်နှင့် သူ၏ညီတော်စပ်သူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီး ခံရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။



ကျနော့်ဦးလေးနဲ့ အဖေကို အမှုမလုပ်ဘဲ ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်။ တရားမစွဲဘဲ ပြန်လွှတ်လိုက်ဖို့ ပြောချင်ပါတယ်ဟု ပြောသည်။

လက်ရှိတွင် သူတို့  ၂ ဦးကို ရမ်းဗြဲမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုနှင့်လည်း တွေ့ခွင့်မရသေးဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့မရဲစခန်းကို နိရဥ္စရာကဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ဖျက်ဆီးခံလိုက်ရသည့် ဆိုင်နှင့်နေအိမ်ခြံဝင်းကိုလည်း ခြံကာရံသွားခဲ့သည့်အတွက် လက်ရှိတွင် အဆိုပါမိသားစုမှာ ဆွေမျိုးများနေအိမ်တွင် ကပ်ခိုနေနေကြရသည်ဟု သိရသည်။

ယခုဖျက်ဆီးခံလိုက်ရသည့် ထမင်းဆိုင်နှင့်နေအိမ်ရှိသည့်ခြံမြေသည် ရမ်းဗြဲမြို့၏ အချက်အချာ ကျသည့် အမှတ်(၃)ရပ်ကွက်၊ စိုးမဲကျီလမ်းတွင်ရှိပြီး အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည်ဟု သိရသည်။

ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထားတစ်စုံတစ်ရာမပြနိုင်ဘဲ သူတို့ဌာနကပိုင်ဆိုင်သည်ဟုဆိုကာ အကြိမ်ကြိမ်တောင်းဆိုခြင်းခံနေရသည့်ခြံလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်မှု တစ်စုံတစ်ရာမျှမပြနိုင်ဘဲ ကျောက်ဖြူခရိုင်၊ အင်ဂျင်နီယာ ဦးဦးအောင်မြင့်နှင့် အင်ဂျင်နီယာများ ဦးဆောင်သော လူဦးရေ ၁၀၀ ကျော်က အဆိုပါခြံရှိ ထမင်းဆိုင်နှင့်နေအိမ်ကို စက်ကြီးများဖြင့် အကြမ်းဖက် ဖယ်ရှားရန် ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

မြို့ခံများနှင့် အိမ်ပိုင်ရှင်မိသားစုများ၏ပြောဆိုချက်အရ အဆိုပါမြေနေရာသည် ယခင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့်က သူဌေးကြီးတစ်ဦးက ဘိုတဲအဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းနေရာမှ ပြောင်းသွားခဲ့သည်ဟု သိရသည်။

နှစ်ကာလကြာမြင့်လာသည့်အခါ အဆောက်အအုံများ ပြိုပျက်ပြီး ရွှံ့နွံတောများဖြစ်နေ၍ စစ်အစိုးရခေတ်က စစ်ထောက်လှမ်းရေးများက ပြန်လည်ပြုပြင်နေထိုင်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။

စစ်ထောက်လှမ်းရေးများက ယခုနေထိုင်သည့်မိသားစုကို ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်ခန့်မှစတင်ကာ ဝင်ရောက်နေထိုင်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဌာနနှင့် ဘာမျှ မဆိုင်ဟုလည်း ရမ်းဗြဲမြို့မိမြို့ဖတစ်ဦးက နိရဥ္စရာကို ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟု ဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာမပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည်ဟု သိရသည်။ (NN-16)

ဆက်စပ် သတင်းများ