တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်မှ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 454

ရခိုင်ပြည်နယ်အတွင်းမှ မျိုးနွယ်စုဝင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုလည်း စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဟု သိရသည်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)ကို နိုင်ငံရေးပါတီအဖြစ် ယမန်နေ့ ဇူလိုင်လ ၃ ရက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ယနေ့ ထုတ် စစ်ကောင်စီပိုင်သတင်းများတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော အဆိုပါ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကော်မရှင်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP)ကို မြို(ခေါ်)ခမီအမျိုးသားညီညွတ်‌ရေးအဖွဲ့အဖြစ် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကျောက်တော်မြို့နယ်တွင် ၁ နေရာ အနိုင်ရရှိခဲ့သည်။

ယင်းနောက်တွင်လည်း ရွေးကောက်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ၂၀၁၄ ခုနှစ်တွင် ပါတီကို မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် အမည်ပြောင်းလဲခဲ့သည်ဟု သိရသည်။

ရခိုင်တွင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပေးရန်လျှောက်ထားခဲ့ကြသည့်ပါတီများအနက် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ (MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ကို အသီးသီး ခွင့်ပြုပေးခဲ့သည်။

UEC ထံတွင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်မှပါတီများအနက် ရခိုင့်အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP)တစ်ခုတည်းသာ ပါတီမှတ်ပုံတင်ခွင့်ရရှိရန် ကျန်တော့သည်။

ရခိုင်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(DNDP)တို့သည် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိခဲ့ဟု သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီးနောက် ဥပဒေသစ်အရ ပါတီမှတ်ပုံ တင်လျှောက်ထားရန် UEC က ဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်မှ ရက်ပေါင်း ၆၀ အတွင်း UEC ထံပါတီမှတ်ပုံတင်ခြင်း မရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပါတီမှတ်ပုံတင်ရန် နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်းမပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။ (NN-23)

ဆက်စပ် သတင်းများ