စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

၅ ဘာသာဂုဏ်ထူးရှင် ရခိုင်ကျောင်းသား ဆေးတက္ကသိုလ်တက်ရန် ငွေကြေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 829

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်ပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၅ ဘာသာဂုဏ်ထူးဖြင့်ထူးချွန်အောင်မြင်ခဲ့သည့် ရခိုင်ကျောင်းသားငယ်တစ်ဦးမှာ ဆေးတက္ကသိုလ်တက်ရောက်ချင်သော်လည်း မိသားစုငွေကြေးမတတ်နိုင်၍ အခက်ခဲကြုံနေကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းသားငယ်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းချောင်းကျေးရွာမှ ဦးမောင်ထွေးတင်နှင့် ဒေါ်သန်းသန်းစိုးတို့၏သား မောင်မင်းမင်းဟိန်းဖြစ်သည်။

သိပ္ပံတွဲကျောင်းသား မောင်မင်းမင်းဟိန်းသည် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ အထက(၅)ကျောင်းမှ ဝင်ရောက်ဖြေဆိုခဲ့ရာ ရမှတ် ၅၃၃ မှတ်နှင့် ၅ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ပြီး ဆေးတက္ကသိုလ်တက်ရန် ဆန္ဒပြင်းပြလျက်ရှိနေသည်။

သို့ရာတွင် သူတို့မိသားစုသည် ဖခင်ဖြစ်သူဆိုက္ကားနင်းသည့် တစ်ရက်တာဝင်ငွေအပေါ်မှီခိုနေရပြီး အိမ်ငှားခနှင့် မိသားစုစားဝတ်နေရေးကိုဖြေရှင်းနေရ၍ သူ ဆေးတက္ကသိုလ်တက်ရောက်ရန် မဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ထွေးတင်က နိရဥ္စရာကို ပြောသည်။

"သားကတော့ ဆေးကျောင်းပဲဆက်တက်ချင်တယ်လို့ပြောပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်ရင်ထားပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက္ကားနင်းလို့ရတဲ့ဝင်ငွေအခြေအနေက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ"ဟု ပြောသည်။

ဦးမောင်ထွေးတင်မှာ ဆိုက္ကားနင်းသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပြီး တစ်ရက်တာလုပ်အားခငွေမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်သာရရှိသည်ဟုဆိုသည်။

အဆိုပါဝင်ငွေဖြင့်ပင် မိသားစုစားဝတ်နေရေးမလောက်ငသည့်ကြားမှ သားဖြစ်သူကို တက္ကသိုလ်ဝင်တန်း ထူးချွန်အောင်မြင်သည်အထိ ပညာသင်ကြားစေခဲ့သည်ဟု သူက ပြောသည်။

"ဆိုက္ကားနင်းတာကတော့ကြာပါပြီ။ ရခိုင်ကပြောင်းလာကတည်းက နင်းတာ။ အခုက တစ်ရက်ဆိုက္ကားနင်းတာက တစ်သောင်းနဲ့အထက် ဝန်းကျင်တော့ ရပါတယ်။ မိသားစု စားလောက်ရုံတော့ ရပါတယ်။ မိန်းမကလည်း ကျန်းမာရေးမကောင်းဘူးဆိုတော့ ကလေးတွေကို စောင့်ရှောက်တာပဲလုပ်နိုင်တယ်။ မိသားစုစားဝတ်နေရေးကိုလည်း ကျနော်ဆိုက္ကားနင်းတဲ့ ငွေနဲ့ပဲဖြေရှင်းနေတာပါ။ သားကိုလည်း ဒီအလုပ်နဲ့ပဲ ပညာသင်ပေးခဲ့တာပါ" ဟု နိရဥ္စရာသို့ပြောသည်။

မိသားစုငွေကြေးအခက်အခဲကြောင့် သားဖြစ်သူဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ဖြစ်နေသည်ကို စိတ်မကောင်းဖြစ်ရကြောင်း သူက ဆိုသည်။

စေတနာရှင်တစ်ဦးနှစ်ဦးက သားဖြစ်သူပညာဆက်သင်ကြားရေး ကူညီပေးချင်သည်ဟု ဆက်သွယ်ပြောဆိုလာခြင်းရှိသော်လည်း နောက်မှပြန်ဆက်သွယ်ပေးမည်ဟုသာ ပြောဆို သွားကြကြောင်း သူက ဆက်ပြောသည်။

"အခုထိတော့ ပြန်ပြီး ဆက်သွယ်မလာသေးပါဘူး" ဟု ပြောသည်။




မောင်မင်းမင်းဟိန်း၏ ဘာသာရပ်အလိုက်ရမှတ်များမှာ မြန်မာစာ ၇၆ မှတ်၊ အင်္ဂလိပ်စာ ၇၂ မှတ်၊ င်္ချာ ၉၇ မှတ်၊ ဓာတုဗေဒ ၉၅ မှတ်၊ ရူပဗေဒ ၉၅ မှတ်၊ ဇီဝဗေဒ ၉၈ မှတ်တို့ဖြစ်ပြီး အင်္ဂလိပ်စာတစ်ဘာသာကလွဲ၍ ဘာသာရပ် ၅ ခုစလုံး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

မောင်မင်းမင်းဟိန်း၏ မိဘများမှာ လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကပင် ဇာတိရွာမှ ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ကြပြီး မောင်မင်းမင်းဟိန်းကို ရန်ကုန်တွင်ပင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးချင်းမောင်နှစ်မ သုံးဦးအနက် အကြီးဆုံးသားဖြစ်ပြီး သူသည် မူလတန်းကျောင်းသားဘဝပင် တက္ကသိုလ်ဝင်တန်းအထိ အတန်းလိုက် ပညာရည်ချွန်ဆုများ နှစ်စဉ် ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်းမင်းမင်းဟိန်းမှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း ၁ ၊ ကြက်မောက်လမ်း၊ အမှတ် ၃၉၆ ရှိ ၄ ခန်းတွဲလိုင်းခန်းတွင် မိသားစုနှင့် အတူနေထိုင်လျက်ရှိကြောင်း သိရသည်။

မောင်မင်းမင်းဟိန်း၏ ပညာသင်ကြားရေးအတွက် ကူညီလိုလူစေတနာရှင်များအနေဖြင့် ဖခင်ဖြစ်သူ ဦးမောင်ထွေးတင်၏ ဖုန်းနံပါတ် 09 963 787 076 ကို ဆက်သွယ်နိုင်ပါသည်။ (NN-23)

 

Photo - HtEt AuNg KyAw HtAy

ဆက်စပ် သတင်းများ