တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင်ပြုပြင်ဆဲ ဦးရာဇ်တော်ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 907

မုန်တိုင်းအတွင်းပျက်စီးသွားပြီး ပြန်လည်ပြုပြင်နေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်ဦးရာဇ်တော် ဓာတ်စေတီသို့တော်သွားရောက်ရာ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦးသည် ယနေ့နံနက်က ပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာမှ အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း(PDYO)မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

အဆိုပါအမျိုးသားမှာ ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၉ နာရီခွဲခန့်က ပြုပြင်နေသည့် ကြိုးတံတားပေါ်ဖြတ်သန်းသွားရာမှာ ပြုတ်ကျကာ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သူက ပြောသည်။

"သူက အရက်မူးနေတယ်လို့တော့ ဘေးပတ်ဝန်ကျင်ကလူတွေက ပြောပါတယ်။ ဘယ်လိုပုံစံ ပြုတ်ကျသွားတယ်ဆိုတာတော့ မသိလိုက်ကြဘူး။ ကျွန်တော်တို့ရှာဖွေနေကြတုန်းပါပဲ" ဟု ပြောသည်။

လက်ရှိ ဦးရာဇ်တော်ကြိုးတံတားမှာ ပြုပြင်နေဆဲဖြစ်ပြီး တံတားဆောက်လုပ်ရေး အဖွဲ့တာဝန်ရှိသူများမှအပ အရပ်သားများဖြတ်သန်းသွားလာ၍ မရနိုင်သည့်အခြေအနေဖြစ်ကြောင်း သူက ပြောသည်။

ရေနစ်ပျောက်ဆုံးနေသူအား ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် PDYO အသင်းတို့က စက်လှေများနှင့် ရှာဖွေနေကြဆဲဖြစ်ပြီး ယခုနံနက် ၁၁ နာရီခန့်အထိ မတွေ့ရှိသေးကြောင်း သိရသည်။ (NN-23)

ဓာတ်ပုံ - PDYO

ဆက်စပ် သတင်းများ