သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

AAကို သတင်းပေးမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ သံတွဲခရိုင်ထွေအုပ်အကြီးတန်းစာရေးတစ်ဦးကို အမှုတစ်ခုအတွက် ထောင် (၂) နှစ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 698

ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှုသံသယနှင့် ဖမ်းဆီးပြီး ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့သည့် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေးတစ်ဦးကို  သံတွဲမြို့နယ်တရားရုံးက အမှုနှစ်ခုတွင် အမှုတစ်တစ်ခုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း  မိသားစုဝင်များက ပြောသည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူမှာ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုး(၃၄)နှစ်ဖြစ်သည်။

၄င်းမှာ AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(က)တို့နှင့် တရားစွဲဆိုခံထားရပြီး ဇူလိုင်လ ၇ ရက်တွင် သံတွဲမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ မနှင်းအိအိလင်းက နိရဥ္စရာသို့ပြောသည်။

"အမိန့်ချတာကတော့ ၅၀၅(က)အတွက် ထောင်နှစ်နှစ်ချတာပါ။ နှစ်မှုမှာ တစ်မှုအတွက် အမိန့်ချလိုက်တာပေါ့။ ၁၇(၁)တစ်မှုက ဘယ်လိုလာဦးမလဲမသိဘူး" ဟု ပြောသည်။

ကိုဝင်းမောင်မောင်ဖြိုးမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ရုံးတက်ရန် သံတွဲခရိုင်ထွေအုပ်ရုံးသို့ လာရောက်ချိန် ရုံးရှေ့အရောက်တွင် ငပလီတပ်မ (၅၅)စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးပြီး ၁၀ ရက်ခန့်အကြာတွင် ရက္ခိုင့်တပ်တော်(AA)ကိုငွေကြေးထောက်ပံ့ပြီး သတင်းပေးသည်ဆိုသည့်စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)နှင့် ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်းဇနီးဖြစ်သူ မနှင်းအိအိလင်းက ပြောသည်။

 

ကိုဝင်းမောင်မောင်ဖြိုးသည် စတင်တရားစွဲခံရသည့်အချိန်မှစ၍ သံတွဲအကျဉ်းထောင်မှနေကာ အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

လက်ရှိတွင် ကိုဝင်းမောင်မောင်ဖြိုး၌ ပုဒ်မ ၁၇(၁)အတွက် အမိန့်ချမှတ်ရန်ကျန်နေပြီး ဇူလိုင်လ ၂၁ ရက်သို့ ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။


ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်အစောပိုင်း တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် အပြစ်မဲ့ အရပ်သားများကိုဖမ်းဆီးတရားစွဲဆိုခြင်းများပြုလုပ်ခဲ့ပြီး ယင်းအထဲတွင် စစ်ကောင်စီ လက်အောက်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများလည်းပါဝင်နေကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ