စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ရခိုင်သို့ ထပ်မံရောက်ရှိလာသော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မုန်တိုင်းတိုက်ပြီး နှစ်လခန့်အတွင်း ရခိုင်အခြေအနေ တိုးတက်မှုရှိဟုပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 614

(၎င်းပြောဆိုချက်မှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲနေဟု ရခိုင်ပြည်သူများဝေဖန်)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဇူလိုင်လ ၁ဝ ရက်က ရခိုင်သို့ ထပ်မံရောက်ရှိလာပြီး  မုန်တိုင်းတိုက်ပြီး နှစ်လခန့်အတွင်း ရခိုင်အခြေအနေ တိုးတက်မှုရှိသည်ဟု ပြောဆိုလိုက်သည်။

 စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ပြီးနောက် မေ ၁၅ ရက်တွင် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ သဘာဝ ဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို ယခု ထပ်မံ ရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း စစ်တွေမြို့တွင် ပြောဆိုသွားသည်။

 

သူ၏ပြောဆိုမှုမှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲမှုရှိနေကြောင်းလည်း ရခိုင့်နိုင်ငံရေးသမား မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက နိရဥ္စရာကို ပြောသည်။

 

"ပြန်လည်ထူထောင်ရေးဆိုတာကတော့ အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါက သူတို့ဘဝတွေ နိမ့်ကျနေရာက မုန်တိုင်းဒဏ်သင့်နေရာက ပြန်ပြီးထူထောင်ပေးဖို့ပေါ့နော်။ အဲ့ဒီလုပ်ငန်းစဉ်က အခုထိမလုပ်ရသေးဘူးလို့ ယူဆပါတယ်။ သူပြောနေတာက ပြန်လည်နေရာချထားရေး အပိုင်းမှာတောင် သူတို့အနေနဲ့ ပြည့်ပြည့်ဝဝ မလုပ်နိုင်ခဲ့ဘူး။ နိုင်ငံတကာအကူအညီတွေလည်း ပိတ်ပင်ထားတဲ့အတွက် ပြန်လည် နေရာချထားရေးဆိုတာ အဝေးကြီးရှိပါသေးတယ်။ အခု ရခိုင်မှာ ကုန်စျေးနှုန်းတွေအဆမတန်တက်နေတာကိုတောင်မှ ကုန်စျေးနှုန်းကျအောင် မလုပ်နိုင်ဘူးပေါ့နော်။ ဒါတွေဟာ ပြန်လည်ထူထောင်ရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်"ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝင်ရောက် ကူညီထောက်ပံ့ခွင့်များကိုလည်း ကန့်သတ်ပိတ်ပင်ထားမှုမှာ မဖြစ်သင့်ဘဲ အမြန်ဆုံး လွတ်လပ်စွာ သွားရောက် ကူညီထောက်ပံ့ခွင့်များကိုပေးသင့်ကြောင်းလည်း ဦးဖေသန်းက ဆိုသည်။

ပထမအဆင့်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ပြီးပြတ်အောင်လုပ်ဖို့ဆိုရင် နိုင်ငံတကာ အကူအညီအဖွဲ့တွေကို လွတ်လွတ်လပ်လပ်ဖွင့်ပေးဖို့လိုပါတယ်။ ပြီးမှ ပြန်လည်နေရာ ချထားရေးပေါ့နော်။ သူ့နေရာနဲ့သူရောက်ရှိသွားအောင်၊ လုံလုံခြုံခြုံ နဂိုအခြေနေအတိုင်း ဖြစ်သွားအောင် လုပ်ဖို့လိုပါတယ်။ နောက်မှပြန်လည်ထူထောင်ရေးကို လုပ်ရမှာ ဖြစ်ပါတယ်ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖြန့်ဖြူးပေးသည့် စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင် ပစ္စည်းများကိုလည်း ယခုအထိမရရှိသေးသည့် မုန်တိုင်းသင့်ပြည်သူ အများအပြားကျန်နေသေးသည်ဟု ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့နေသူများနှင့် မုန်တိုင်းသင့်ပြည်သူများက ပြောသည်။

စစ်ကောင်စီက ဖြန့်ဖြူးပေးသည့် စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ရရှိသည့် မုန်တိုင်းသင့် ပြည်သူများတွင်လည်း အရည်အသွေးညံ့ဖျင်းသည့် သွပ်ချပ်များ၊ စား၍မရသည့် ဆန်များ၊ တာပေါ်လင်စ အပိုင်းအစများ၊ စားဆီအနည်းငယ်နှင့် ခေါက်ဆွဲခြောက်အနည်းငယ်တို့ကိုသာ မစို့မပို့ ရရှိကြခြင်းဖြစ်ပြီး ၄င်းတို့ဘဝ ပြန်လည်ထူထောင်ရေးအတွက် လုံးဝ အဆင်မပြေကြဟုလည်း ကာယကံရှင် မုန်တိုင်းသင့်ပြည်သူများက နိရဥ္စရာကိုပြောဆိုထားသည်။




ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကောင်စီဝန်ကြီးအချို့နှင့်အတူ ယမန်နေ့က စစ်တွေသို့ ရောက်ရှိပြီးနောက် မိုခါမုန်တိုင်းတိုက်ခတ်အပြီး စစ်တွေမြို့အခြေအနေအပါအဝင် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့များ၏ အခြေအနေ များကိုလည်း သွားရောက် စစ်ဆေးကြည့်ရှုခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ယခုခရီးစဉ်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလာကြောင်း သိရသည်။

မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် စစ်တွေမြို့အဖြစ် ပြန်လည် ဆောင်ရွက်ပေးနိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ယခုကဲ့သို့ ထပ်မံလာရောက်ကြည့်ရှု စစ်ဆေးခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုသွားခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရခိုင်သို့ လာရောက်ခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်တိတိရှိသွားပြီဖြစ်သည်။ (NN-16NN-7)

ဆက်စပ် သတင်းများ