Preview

ALP က ဖမ်းဆီးချုပ်နှောင်ထားသူ တစ်ဦးနှင့်ပတ်သက်ပြီး စိစစ်အရေးယူပေးရန် မိသားစုဝင်များက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

ဇူလိုင် ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :1474
ရခိုင် သတင်း

ဒေါ်စောမြရာဇာလင်းဦးဆောင်သောရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့ကွဲမှစစ်တွေဒေသခံတစ်ဦးအား မတရားဖမ်းဆီးချုပ်နှောင်ထားမှုပေါ်စိစစ်အရေးယူပေးရန် မိသားစုဝင်များက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားလိုက်သည်ဟုသတင်းရရှိသည်။

ဖမ်းဆီးခံထား၇သူများအနက် ကိုကျော်နိုင်ဦး(၃၃)နှစ်၏ဖခင် ဦးထွန်းအေးမောင်ကိုယ်တိုင် လက်မှတ် ရေးထိုးကာ ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံစာပေးပို့တိုင်ကြားလိုက်ခြင်းဖြစ်သည်။

ယင်းစာထဲတွင်ကိုကျော်နိုင်ဦးသည် စစ်တွေတွင် မိသားစုနှင့်နေပြီး ကားပစ္စည်းရောင်းကာကားဝပ်ရှော့လုပ်၍ ရိုးရိုးသားသားလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု ဆိုထားသည်။

မည်သည့်အဖွဲ့အစည်းနှင့်လည်းဆက်သွယ်မှုမရှိသလို အပြစ်ရှိလျှင်လည်း သက်သေ အထောက်အထားဖြင့်  နိုင်ငံတော်၏ တရားရုံးတစ်ခုခုတွင် တည်ဆဲ ဥပဒေများနှင့် ရားစွဲဆိုနိုင်သည်ဟုဆိုသည်။

အခု ဖမ်းဆီးခံမှုဟာ  မတရားဖမ်းဆီးမှုတစ်ခုသာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့လည်း ကိုက်ညီမှုရှိတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခြင်းလည်းဖြစ်တဲ့ အတွက် ပြန်လည်လွတ်မြောက်နိုင်ရေးနဲ့  အမှန်တရားပေါ်ပေါက်ရေးအတွက် စိစစ်အရေးယူပေးဖို့  တိုင်ကြား၇ခြင်းဖြစ်ပါတယ်ဟု  ဖခင်ဖြစ်သူက ပြောဆိုသည်။

ကိုကျော်နိုင်ဦးနှင့်ပတ်သက်ပြီးအားကိုးရာဆို၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သာ ရှိတော့သည့်အတွက်မှန်မှန်ကန်ကန်စိစစ်အရေးယူပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်နေကြောင်းလည်းကိုကျော်နိုင်ဦး၏ဖခင် ဦးထွန်းအေးမောင်က နိရဥ္စရာကိုပြောသည်။

သူတို့(မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်)ကိုပဲ အားကိုးထားတာပါ။ ကျနော်တို့မှာအားကိုးရာဆိုလို့ သူတို့ပဲ ရှိတယ်။ အဲဒီကနေတဆင့် သတင်းလေးဘာလေးတစ်ခုကြား၇မလားလို့လေဟုပြောသည်။

အသက် ၁နှစ်ကျော်အရွယ်သမီးငယ်၏ဖခင် ကိုကျော်နိုင်ဦး(၃၃)နှစ်သည် မိသားစုနှင့်အတူ စစ်တွေမြို့၊မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက်(ဒေသအခေါ် အင်ဘာလာရပ်ကွက်)တွင်ရွှေပြည်သစ် ကားဝပ်ရှော့နှင့် ကားအပိုပစ္စည်းအရောင်းဆိုင်ကိုပူးတွဲဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်သည်။

သူ့ကို ဇူလိုင်လ ၃ရက်၊ ညနေတွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီ စ၇ဖတပ်ဖွဲ့ဝင်တချို့နှင့် ALP တပ်ဖွဲ့ဝင် ၄ ဦးက ကားဝပ်ရှော့မှနေ၍ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု  သူ၏မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးသည့်နေ့မှစတင်ကာ ယနေ့ဇူလိုင်လ ၁၁ ရက်အထိ ၈ ရက်ကြာသည့်တိုင် မည်သည့် အဆက်အသွယ်မျှ မရရှိသလို ALP ဘက်ကလည်းဆက်သွယ်လာခြင်းမရှိ၍ မိသားစုဝင်များအနေဖြင့် မစားနိုင်၊ မသောက်နိုင်ဖြင့် အလွန်တရာစိုးရိမ်ပူပန်နေ၇သည်ဟုလည်း ဖခင်ဖြစ်သူ ဦးထွန်းအေးမောင်က ပြောသည်။

သားလေးက အသက်နဲ့ခန္ဓာရှိသေးရဲ့လား။ ဘာကိစ္စနဲ့ဖမ်းတာလဲ။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ်ကျနော့်သားကို ဘယ်မှာရှိလဲ သတင်းတစ်ခုကြားချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုး၇နဲ့ အမှုကင်းရဲ့လား။အမှုမဖွင့်ရင်လည်း မဖွင့်တဲ့ အလျောက် သူတို့ကို အပ်မဲ့နေရာကိုအပ်ပေးပါ။ ကျနော်တို့နဲ့ တွေ့ခွင့်ပေးပါလို့ ပြောချင်ပါတယ်ဟု ပြောသည်။

ကိုကျော်နိုင်ဦးနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းတွင်ဇူလိုင်လ ၆ ရက်က လူပျောက်တိုင်ကြားထားသော်လည်း ယနေ့ထိထူးခြားမှုတစ်စုံတစ်ရာမရှိသေးဟုလည်း ဆိုသည်။

ALP အဖွဲ့ကွဲခေါင်းဆောင်၃ ဦးလုပ်ကြံခံ၇မှုနှင့်ပတ်သက်ပြီး ကိုကျော်နိုင်ဦးအပါအဝင် စစ်တွေမြို့မှနောက်ထပ် ဒေသခံအချို့လည်း ALP ထံ ဖမ်းဆီးခံနေ၇သလိုစစ်တွေဒေသခံလူငယအချို့လည်းပျောက်ဆုံးနေသည်ဟု နိရဥ္စရာက သိ၇သည်။

နောက်ထပ်ဖမ်းဆီးခံရသူများအပါအဝင်ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး နိရဥ္စရာအနေဖြင့်ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။


ALP အတွင်းရေးမှူးဗိုလ်မှူးခိုင်သူရိန်ကမူ သူတို့၏ခေါင်းဆောင်ပိုင်း ၃ ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီးဒေသခံ အချို့ကိုဖမ်းဆီးစစ်ဆေးနေသည်မှာ ဟုတ်မှန်ပြီးဖမ်းဆီးခံထားရသူများ၏အသေးစိတ်ကိုမူ ပြောပြ၍မရဟု နိရဥ္စရာကို ပြောဆိုထားသည်။

ဒေါ်စောမြရာဇာလင်းဥက္ကဋ္ဌအဖြစ်ဦးဆောင်သောALP ပါတီအဖွဲ့ကွဲမှဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ၆ ဦးသည်ပြီးခဲ့သည့် ဇူလိုင်လ၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏နေအိမ်မှအနက်ရောင်အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့်ရထားသံလမ်းအနီးသို့အရောက်တွင် အမည်မသိ လက်နက်ကိုင်တစ်စု၏သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့၇သည်။

ယင်းသို့ ပစ်ခတ်ခံခဲ့၇၍ALP ပါတီဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ်(၁၀၁) တပ်ရင်းမှတပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း လက်နှင့်ပေါင်တို့တွင်သေနတ်ဒဏ်ရာများရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးကိုကျော်နိုင်ဦးအပါအဝင် စစ်တွေဒေသခံအချို့ ALP ထံ ဖမ်းဆီးစစ်ဆေးခံနေကြ၇ခြင်း ဖြစ်သည်ဟု သိ၇သည်(NN-16)

#ALP
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.