တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ကြိုးတံတားပေါ်မှ ပြုတ်ကျပြီး ရေနစ်သေဆုံးသူအလောင်း ရှာတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 838

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင်ဦးရာဇ်တော်စေတီသို့သွားရောက်ရာကြိုးတံတားပေါ်မှ ယမန်နေ့ နံနက်ကပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးနေသည့်အမျိုးသား၏အလောင်းအား  ယနေ့ညနေက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုတွေ့ရှိသည့်အလောင်းမှာ စေတီရင်းကျေးရွာမှ အသက်(၄၆)နှစ်အရွယ် ဦးထွန်းလှဆိုသူဖြစ်ပြီး သူ၏ အလောင်းအား ယနေ့ညနေ ၃ နာရီခန့်တွင် စံပြကျေးရွာအရှေ့ဘက်ကမ်းစပ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရာမှာပါဝင်သော ပုဏ္ဏားကျွန်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)မှ လူငယ်တစ်ဦးက ပြောသည်။

"၃ နာရီလောက်က အလောင်းကိုပြန်တွေ့ပါတယ်။ စံပြကျေးရွာအရှေ့ဘက်မှာပြန်တွေ့တာပါ" ဟု ပြောသည်။

သူသည် ပြုပြင်နေဆဲ ဦးရာဇ်တော်ကြိုးတံတားပေါ်မှ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီခန့်က ပြုတ်ကျကာ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဦးထွန်းလှ ရေထဲပြုတ်ကျသွားစဉ်ကပင် ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များနှင့် PDYO အသင်းတို့က ကင်းချောင်းတစ်ဝိုက်တွင် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ဦးရာဇ်တော်ကြိုးတံတားမှာ ပြုပြင်နေဆဲဖြစ်ပြီး တံတားဆောက်လုပ်ရေးအဖွဲ့တာဝန်ရှိသူများမှအပ အရပ်သားများဖြတ်သန်းသွားလာ၍ မရနိုင်သည့်အခြေအနေတွင် သူ ဖြတ်သန်းသွားလာ၍ ပြုတ်ကျခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သမိုင်းဝင်ဦးရာဇ်တော်စေတီသွားရာ ကြိုးတံတားသည် ပြီးခဲ့သည့်မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းအတွင်းပျက်စီးသွားခဲ့ခြင်းဖြစ်ရာ မုန်တိုင်းအလွန် ၂ လကျော်ကာလရှိလာသည့်တိုင် အပြီး မပြင်ဆင်နိုင်သေးသည့်အတွက် ယခုကဲ့သို့ လူအသေပျောက်ကိစ္စများထိဖြစ်လာရသည်ဟုလည်း မြို့ခံများက ပြောသည်။ (NN-23)

 

Photo - PDYO

ဆက်စပ် သတင်းများ