စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်မှ ပဉ္စမတန်းကျောင်းသားငယ်တစ်ဦး သွေးလွန်တုပ်ကွေးဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 894

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာမှ ပဉ္စမတန်းကျောင်းသားငယ်တစ်ဦးမှာ သွေးလွန်တုပ်ကွေးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ဖောင်းခါးကျေးရွာမှ ဦးနေမင်းလှိုင်နှင့် ဒေါ်ရီရီစိုးတို့၏သား အသက်(၁၃)နှစ်အရွယ် မောင်စိုးဇေယျာဖြိုးဖြစ်သည်။

သူသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစ်ကိုဖြစ်သူ ကိုဇင်မောင်ငြိမ်းက နိရဥ္စရာသို့ ပြောသည်။

"ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေရင်း သေသွားခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တာလို့ ဆရာဝန်တွေက ပြောပါတယ်" ဟု ပြောသည်။

မောင်စိုးဇေယျာဖြိုးသည် ဇွန်လကုန်ပိုင်းကပင် ရုတ်တရက်အဖျားဝင်ပြီး  နေထိုင်မကောင်းဖြစ်ကာ ကိုယ်အပူရှိန်မြင့်တက်နေခဲ့သည်ဟု ပြောသည်။

ယင်းသို့ ကိုယ်အပူရှိန်မြင့်တက်နေခဲ့သော်လည်း ကလေးငယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ အေးစက်နေခဲ့ကြောင်း သိရသည်။

မိသားစုက သာမန်ဖျားနာသည်ဟုအထင်ဖြင့် ကျေးရွာတွင်ရှိသည့် အလွတ်ဆေးဆရာဖြင့် သုံးရက်ကြာကုသမှုခံယူခဲ့သော်လည် မသက်သာ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြီး ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း အစ်ကိုဖြစ်သူ ကိုဇင်မောင်ငြိမ်းက ပြောသည်။

"စပြီးအဖျားဝင်တော့ ကျွန်တော်တို့ကလည်း သာမန်ဖျားတာလို့ထင်တယ်။ ရွာမှာရှိတဲ့ ဆေးဆရာနဲ့ကုကြည့်တယ်။ သုံးလေးရက်လောက်ကုပြီး မသက်သာတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ပြီးကုခဲ့တာပါ။ ဒါပေမယ့် အသက်မရှင်လိုက်ဘူး" ဟု ပြောသည်။

မောင်စိုးဇေယျာဖြိုး၏ရုပ်အလောင်းအား ယနေ့ဇူလိုင်လ ၁၂ ရက်၊ ညနေ ၄ နာရီတွင် တောင်ဒဂုံမြို့နယ်၊ ကျီစုသုဿာန်တွင် သင်္ဂြိုလ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ပေါက်တောမြို့နယ်ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများက နိရဥ္စရာသို့ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါသည် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာဖြစ်ပွားပက လူကိုသေစေနိုင်သည့် ရောဂါဖြစ်သည်ဟု သိရသည်။

နေ့ခင်းပိုင်းကိုက်တတ်သည့်ခြင်ကျားများမှတဆင့်ကူးစက်တတ်သည့်အတွက် ကလေးငယ်များအား ခြင်ကိုက်မခံရအောင် ဂရုစိုက်ကာကွယ်ပေးကြရမည်ဟုလည်း ကျန်းမာရေးဌာနက နှိုးဆော်ထားသည်။ (NN-23)

ဓာတ်ပုံ - Nay Lynn Lynn

ဆက်စပ် သတင်းများ