စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေဆေးရုံကြီးတွင် ဇူလိုင် ၁၅ နှင့် ၁၆ ရက်တို့၌ ရန်ကုန်မှ အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီးများ ဒုတိယအကြိမ် အခမဲ့ကုသမည်


  • ရေးသူ: Web Master (NN-01)
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 905

(ပြသလိုသူများ လူဦးရေအကန့်အသတ်မရှိ စာရင်းပေးသွင်းနိုင်ပြီ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့၌ ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီးများက ဒုတိယအကြိမ် အခမဲ့ လာရောက်ကုသပေးမည်ဟု သိရသည်။

ဇူလိုင်လ ၁၅ ရက်(စနေနေ့)တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း၊ ဇူလိုင်လ ၁၆ ရက် (တနင်္ဂနွေနေ့)တွင် နံနက် ၈ နာရီမှ နံနက် ၁ဝ နာရီအတွင်း အခမဲ့စမ်းသပ်ကုသပေးသွားမည်ဟု စစ်တွေဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပြသလိုတဲ့ လူနာတွေအနေနဲ့ စစ်တွေဆေးရုံကြီး ပြင်ပလူနာဆောင်ဖြစ်တဲ့ ၄ ထပ်ဆောင် အောက်ထပ်က စာရင်းလက်ခံဌာနမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီဟု ပြောသည်။

ယခု ဒုတိယအကြိမ်လာရောက်ကုသပေးမည့်သူများတွင် အထွေထွေရောဂါအထူးကု၊ နှလုံးရောဂါ အထူးကု၊ ဦးနှောက်၊ အာရုံကြောနှင့် အတက်ရောဂါအထူးကု၊ အရိုး၊ အဆစ်သွေးလေးဖက်နာ၊ သွေးနှလုံးရောဂါအထူးကု၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကု၊ အသည်းရောဂါအထူးကု၊ သွေးရောဂါအထူးကု၊ အရေပြားရောဂါအထူးကုနှင့် ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့ပါဝင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနမှူးလည်းဖြစ်၊ စစ်တွေ ဆေးရုံအုပ်ကြီးလည်းဖြစ်သည့် ဒေါက်တာကြည်လွင်၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း မည်သူမဆို လာရောက်ပြသနိုင်ပါကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

ယခုအစီအစဉ်ကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်(တနင်္ဂနွေနေ့)ကလည်း စစ်တွေဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ယခုကဲ့သို့ ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီးများက ပထမအကြိမ် အခမဲ့ လာရောက်ကုသပေးခဲ့သည်။

ပထမအကြိမ်ကုသပေးခဲ့စဉ်က စစ်တွေအပါအဝင် အခြားမြို့နယ်များမှ လူနာ ၁၁၄၄ ဦးကို အခမဲ့ကုသပေးနိုင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (NN-16)

ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ