စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဇူလိုင် ၂၀ ရက်ခန့်၌ မုန်တိုင်းဖြစ်နိုင်ခြေ ၉၀ရာနှုန်းအထိ ရှိဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင်ပြော


  • ရေးသူ: Web Master (NN-01)
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 947

ဘင်္ဂလားပင်လယ်အော်တွင် ဇူလိုင် ၂၀ ရက်ခန့်၌ မုန်တိုင်းဖြစ်နိုင်ခြေ ၉၀ ရာနှုန်းအထိ ရှိလာနေသည်ဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုလိုက်သည်။

ဇူလိုင် ၁၃ ရက်၊ နေ့လယ် ၁ နာရီတွင် သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ခန့်မှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။


ဦးဝင်းနိုင်က "ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဇူလိုင်လ ၂၀ ရက်ဝန်းကျင်၌ ဆိုင်ကလုန်း မုန်တိုင်းဖြစ်နိုင်ခြေ ၉၀ ရာနှုန်းအထိ မြင့်လာကြောင်း တွေ့ရပါတယ်"ဟုပြောသည်။


ဇူလိုင် ၂၀ ရက်ဝန်းကျင်တွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်များ၌ လေတိုက်နှုန်း တစ်နာရီ ၃၇ မိုင်အထိ ရှိလာနိုင်ပြီး လှိုင်းအမြင့် ၁၅ ပေ ခန့်အထိ ရှိလာနိုင်သည်ဟု ဆိုထားသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်များနှင့် မွန်၊ တနင်္သာရီ ကမ်းရိုးတန်းများတွင် ဇူလိုင် ၁၆ ရက်မှစပြီး ဇူလိုင် ၂၂ ရက်အထိ ပင်လယ်ပြင်၌ လှိုင်း/လေကြမ်းလာမည်ဖြစ်ကာ လှိုင်း/လေကြမ်းချိန် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင် အထိရှိနိုင်ပြီး လှိုင်းအမြင့် ၁၀ ပေ ခန့်အထိ ဖြစ်လာနိုင်သည်ဟုလည်း ပြောဆိုထားသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလ​ဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇူလိုင်လ ၁၁ ရက်မှစပြီး ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်သည်။

ထိုမုန်တိုင်းမဖြစ်ပေါ်မီ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

ငါးဖမ်းရေယာဥ်များ၊ ရေလုပ်သားများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရေယာဥ်များနှင့် ပုဂ္ဂလိက အမြန်ရေယာဥ်များအနေဖြင့် ယင်းရက်ပိုင်းအတွင်း ပင်လယ်ပြင်သို့ထွက်ခွာခြင်းမပြုကြရန် သတိထား ကြရမည်ဟုလည်း ဒေသခံများက ပြောသည်။

 

ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းသည် စစ်တွေကို ဗဟိုပြု ဝင်ရောက်တိုက်ခတ်မှုကြောင့်

ရခိုင်ပြည်တွင်း လူပေါင်း ၁၄၀ ကျော် သေဆုံးသွားခဲ့ပြီး သိန်းနှင့်ချီသော ရခိုင်ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

 

စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင်လည်း ထိခိုက်ပျက်စီးမှု ၉၀ ရာနှုန်းအထိရှိခဲ့သည်။

 

အဆိုမြို့နယ်များတွင် မုန်တိုင်းဒဏ်ကြောင့် လက်ရှိအချိန်ထိ ပြန်လည်နာလန် ထူနိုင်ခြင်းမရှိသေးဟုလည်း သိရသည်။ (NN-16)


ဓာတ်ပုံ - ဦးဝင်းနိုင်

ဆက်စပ် သတင်းများ